
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းယုံကြည်ရသူများဖြစ်သည့် ထိပ်တန်းအရာ ရှိများမှစပြီး အောက်ခြေအဆင့်ဖြစ်သည့် ခြံလုံခြုံရေးယူရသည့် သူများအထိပါ အလဲအလှယ်များ ပြုလုပ်နေရသည်ဟု စုံစမ်းသိရသည်။
စစ်ခေါင်းဆောင်သည် ထိပ်တန်းအရာရှိ စစ်ဗိုလ်ချုပ်များကို ရာထူးအပြောင်း အလဲ မပြုလုပ်မီ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)များ၊ တိုင်းမှူးများ၊ စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များကို နေရာပြောင်းခြင်း၊ ရာထူးမှရပ်နားခြင်းများ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ခပ်စိပ်စိပ် ပြုလုပ်ခဲ့သည်။
ထို့ပြင် ယခု လတ်တလောတွင် ၎င်းယုံကြည်အရေးပေးခံရသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ရာထူးကြီးများနှင့် အရပ်ဘက်ဆိုင်ရာ ကော်မတီများတွင်ပါ ဥက္ကဋ္ဌရာထူးများ ယူထား သည့် ဒုဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းကိုလည်း စစ်ကောင်စီအဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ပြီး စစ်ဘက် ရာထူးများကိုလည်း ရုတ်သိမ်းကာ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က ပြစ်မှုပုဒ်မများတပ်၍ ထောင်ဒဏ် အနှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
စစ်ခေါင်းဆောင်သည် ၎င်းလက်အောက်မှ လူယုံများကို ယုံကြည်မှု မရှိတော့၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ လယ်မှစတင်ပြီး အပြောင်းအလဲများပြုလုပ်ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအဆင့်ရှိသည့် သူများကိုပါ ရာထူးမှဖြုတ်ခြင်း၊ ပြောင်းရွှေ့ခြင်း ရပ် နားခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ပြင် ၎င်းတို့နှင့်ဆက်စပ်သည့် ထိပ်တန်းအရာရှိအဆင့်ရှိသူများကို လည်း ဖြုတ်ထုတ်ရပ်နားသည့် လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရ သည်။
“အဖမ်းခံရတဲ့ ဒုဗိုလ်ချုပ်နဲ့ဆက်နွယ်နေတဲ့သူတွေကို ခေါ်သတိပေးပြီး အဲဒီထဲက တချို့ကို နေရာတွေပါ ရွှေ့ပစ်တာရှိတယ်။ အဲဒီလိုလုပ်ခံရတဲ့သူတွေထဲမှာ စစ်ခေါင်းဆောင် ယုံကြည်ရဆုံးသူတွေလည်း ပါတယ်။ ဘယ်သူ့ကိုမှ မယုံတဲ့သဘောဖြစ်နေပြီ”ဟု နေပြည် တော်ရှိ အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ယင်းသို့ ခေါ်ယူသတိပေးမှုများကို စက်တင်ဘာလတွင်းက ပြုလုပ်ခဲ့ပြီးနောက် အချို့ကို ရာထူးနေရာတွေ ပြောင်းရွှေ့မှုများရှိခဲ့ပြီး ထိပ်တန်းအရာရှိနေရာများကို ထပ်မံ ပြောင်းလဲမှုများလုပ်ရန် ရှိနေသေးကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်ကို လုံခြုံရေး ယူနေရသည့် တပ်ဖွဲ့များကိုပါ လဲလှယ်ခဲ့ပြီး ၎င်း၏ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယူရသည့်သူများနှင့် တည်းခိုနေ ထိုင်မည့်နေရာတွင် စောင့်ကြပ်ရသည့် အရာရှိများကိုပါ အစားထိုးလဲလှယ်မှုများပါ ပြုလုပ်လာသည်အထိ ယုံကြည်ရမည့်သူ မရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီတပ်တွင်းတွင် စစ်ခေါင်းဆောင်၏ ယုံကြည်ရသူများပင် ရာထူးမှဖယ်ရှား ဖြုတ်ချကာ ဖမ်းဆီးမှုများပါရှိနေသည့်အပြင် ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းခံရ သည့်အတွက် ထိပ်အရာရှိအချို့သည် ၎င်းတို့အပေါ်တွင်ပါ သက်ရောက်မှုရှိလာမည်ကို စိုးရိမ်နေ ကြသည်။
ထိုကြောင် လုပ်ဖော်ကိုင်ဖက်အချင်းချင်းနှင့် အထက်အောက် ဆက်ဆံရေးများတွင်ပါ ယုံကြည်မှုများ လျော့နည်းလာပြီး သတိထားဆက်ဆံနေရသည့် အခြေအနေများ ရှိကြောင်း စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
“စစ်ခေါင်းဆောင်က သူ့အနီးနား သူ့လက် အောက်မှာရှိတဲ့ လူတွေကို မယုံကြည် တော့သလို စစ်ခေါင်းဆောင်ကိုလည်း သူ့လူတွေက ယုံကြည်မှုကင်းမဲ့လာပြီး သတိထားဆက်ဆံနေရတဲ့ အခြေအနေဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ယုံကြည်ရမည့်သူကင်းမဲ့ #ရာထူးတာ၀န်များ #လဲလှယ် #Ayeyarwaddy_Times