ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် အောက်တိုဘာလ ၁၈ ရက်နေ့အထိ စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည့်အမှုနှင့် ဖမ်းဆီးခံထားရသူ ၂၀ ကျော်ရှိကြောင်း သိရှိရသည်။

မြန်အောင်၊ ကြံခင်း၊ ကျောင်းကုန်းမြို့နယ်များတွင် စစ်ကောင်စီနှင့်ရဲများရဲ့ လမ်းတွင်တွေ့ဆုံစစ်ဆေးခံရပြီးနောက် ညမထွက်ရအချိန်ကျော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်​ပြီး တစ်လအတွင်း ၂၂ ဦးရှိကြောင်း တိုင်းရဲတပ်ဖွဲ့ ၏စာရင်းများအရသိရှိရသည်။

“ကျေးရွာဘက်က မနက်အစောဈေး၀ယ်ထွက်တာတို့ ညဘက် ငါးရှာဖားရှာထွက်တဲသူတွေကို အမှုရှာပြီးဖမ်းတာ။ မြို့မှာ KTV သွားပြီး ညဥ့်နက်မှပြန်တဲ့လူတွေကြ တစ်ခါမှမိတယ်မကြားရဘူး။ ငွေနဲ့ ညှိနိုင်ရင်ညှိပေါ့ နို့မို့ ထောင်ကျရော၊ တစ်ကယ်ခိုးဆိုးလုနိုက်တွေကြတစ်ခါမှမမိဘူး”ဟု မြန်အောင်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အေက်တိုဘာလ ၁၈ ရက်နေ့ထိ ညမထွက်ရအမိန့် ကျူးလွန်သည်ဟုစွပ်စွဲပြီး မြန်အေင်မြို့နယ်တွင် ၉ ဦး၊ ကျောင်းကုန်းမြို့နယ်တွင် ၇ ဦး၊ ကြံခင်းမြို့နယ်တွင် ၆ ဦးထိဖမ်းဆီးခံထားရပြီး ၎င်းတို့အနက် ၉ ဦးကို ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှသိရှိရသည်။

ညမထွက်ရအမိန့်ကြောင့်ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးကထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။

ဧရာ၀တီတိုင်းတွင်ညမထွက်ရအမိန့်ကို ည၁၂နာရီဟု သတ်မှတ်ထားသောလည်း အချို့ မြို့နယ်များတွင် စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာ ငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။

#ဧရာဝတီတိုင်း #ညမထွက်ရအမိန့် #ဒေသခံ #စစ်ကောင်စီတပ် #Ayeyarwaddy_Times