
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးတွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်၍ CDM ပြုလုပ်ထားသည့် စစ်သား၊ ရဲ နှင့် CDM ဝန်ထမ်းများ အပါအဝင် နေရပ်မှစွန့်ခွာ၍ နေရသူများ၏ ပုံပြကာ သတင်းပေးပို့ရန် စစ်ကောင်စီတပ်က စေခိုင်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မအူပင်မြို့နယ်အတွင်းရှိ CDM ပြုလုပ်ထားသည့် စစ်သား ၊ ရဲနှင့် CDM ပြုလုပ်ထားသူများ၊ နေရပ်စွန့်ခွာနေရသူများ၏ ဓာတ်ပုံများကို ပရိုဂျက်တာ ဖြင့်ပြသကာ တွေ့ရှိပါကသတင်းပေးပို့ရန် မှာကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကြံခိုင်ရေးပါတီဝင်တွေ အစည်းဝေးလုပ်တဲ့အချိန်မှာ မအူပင်မြို့မှာတာဝန်ကျနေတဲ့ စစ်တပ်က အစည်းဝေးထဲမှာ ပရိုဂျက်တာထောင်ပြီး ပုံတွေပြတယ်။ ရဲပြေး၊ စစ်ပြေးနဲ့ မအူပင်မြို့ ကနေရပ်စွန့်ခွာပြေးနေကြတဲ့ သူတွေရဲပုံတွေကိုပြပြီး စုံစမ်းပေးဖို့ တွေ့ခဲ့ရင် ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူတွေအနေနဲ့ စစ်ကောင်စီတပ်ကို သတင်းပေးပို့ဖို့ မှာတာ။ ပါတီအစည်းအဝေးခေါ်ပြီး ပါတီအစည်းအဝေးအကြောင်း မပြောဘဲ အဲဒီအကြောင်း ရာတွေပြောသွားတယ်” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက ခန့်ထားသည် အုပ်ချုပ်ရေးမှူး များနှင့် ကြံ့ခိုင်ရေးပါတီဝင်များမှ စည်းရုံးရေးဆင်းသည့် ပုံစံဖြင့် အစည်းအဝေးများ ပြုလုပ်နေပြီး စစ်ကောင်စီလက်အောက်ခံ နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များက လုံခြုံရေးယူပေးရကြောင်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ် ထံက သိရသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ပြုလုပ်ရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအတွက် ကြံခိုင်ရေးပါတီတစ်ခုထဲကသာ ပြင်ဆင်မှုများပြုလုပ်၍ ကျေးလက်ဒေသများတွင် စည်းရုံးရေးများ စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
#မအူပင် #စစ်ကောင်စီတပ် #ကြံခိုင်ရေးပါတီအစည်းအဝေး #CDMစစ်သားနှင့်ရဲ #နေရပ်စွန့်ပြေးသူနေရသူများ #ပုံပြ၍သတင်းပေးပို့ရန်စေခိုင်း #Ayeyarwaddy_Times