ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာလ ၁၈ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းနိုင်ကို ရေးဘီလူး အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်သည် ငါးဖမ်းလုပ်ငန်းကိုလည်း အဓိကထားလုပ်ကိုင်သည့် မြို့နယ် တစ်ခု ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနမှ ရေးခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လင်းနိုင်မှာ ဒေသခံများထံ အကောက်ခွန်များ ကောက်ယူနေသည့်အတွက် ၎င်းကို ရေးမြို့ထဲရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်မှာ ငါးလုပ်ငန်းဦးစီးမှူးကိုရှင်းလင်းလိုက်တယ်။ သူကဒီရေးမြို့နယ်တစ်ခွင်ရော၊ နယ်တွေဘက်ရော၊ ပင်လယ်ရေပိုင်နက်တွေအထိပါ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ ငါးဖမ်း သင်္ဘောတွေ ပင်လယ်ထဲဆင်းရင် သူ့ကိုအခွန်ပေးရတယ်။ သူကရေးကိုပြောင်းလာတာ ကြာပြီ။ အဓိကတော့ ပြည်သူတွေ တိုင်တာတွေလဲပါသလို စစ်ကောင်စီရဲ့ ဝန်ထမ်းဖြစ် လို့လည်း ပစ်ခတ်ခဲ့တာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဦးစီးမှူးမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကအသုံးပြုနေသည့် ဘုံကျောင်း လှေများ၊ ငါးဖမ်းသင်္ဘောများမှ အကောက်ခွန်များကောက်ခံခြင်း၊ လာဘ်စားခြင်းများ ပြုလုပ်နေကာ ငါးဖမ်းပိုက်လှေများကိုလည်း အနိုင်ကျင့်ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါဦးစီးမှူးဦးဇော်နိုင်လင်းမှာ ရေးခရိုင်ငါးလုပ်ငန်းဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဖြစ်ပြီး သေဆုံးသွားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် နီးစပ်သူများက အတည်ပြုပြောဆိုထားသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအေးလွင်ကို ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး

#ရေးမြို့နယ် #ငါးလုပ်ငန်းဦးစီးဌာန #ခရိုင်ဦးစီးမှူးပစ်ခတ်ခံရ #သေဆုံး #ရေးဘီလူး #Ayeyarwaddy_Times