ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတောင်ပိုင်းနှင့် ကလေးမြောက်ပိုင်းတွင် စစ်ဘေးရှောင် ၄,၀၀၀၀ ဝန်းကျင်အထိရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေး၀ါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါစစ်ဘေးရှောင်များသည် စက်တင်ဘာလ အတွင်းမှစတင်၍ စစ်‌ရှောင်နေရပြီး အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ ၀င်ရာက်၍ ထပ်မံမီးရှို့မှုကြောင့် ဒုတိယကြိမ် စစ်ရှောင်နေရကာ စားနပ်ရိက္ခာများနှင့် ဆေး၀ါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်‌ရှောင်ဒေသခံများထံက သိရသည်။

“နှစ်ကြိမ် စစ်ရှောင်နေကြရတာ၊ စက်တင်ဘာက စပြီးရှောင်ကြရတယ်ဆိုပေမယ့် အောက်တိုဘာလမှာတော့ ရွာလုံးကျွတ် ပြေးကြရတာ။ ကြာလာတော့ စစ်‌ရှောင် တွေအနေနဲ့ စား၀တ်နေရေးနဲ့ ဆေးဝါးတွေလိုအပ်လာတယ်။ နောက်ထပ် ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်များကူညီနေသူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကလေးမြို့နယ်၊ ကလေးတောင်ပိုင်း၊ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲ ထားပြီး အနီးရှိ ဆင်တောကျေးရွာ၊ မြောင်းဆုံကျေးရွာ၊အနောက်စံသာကျေးရွာ၊ ကျွန်းချောင်း ကျေးရွာ စသည့်ကျေးရွားများကို ဝင်ရောက်ကာ မီးရှို့စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသောကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများ ထံက သိရသည်။

ထို့ပြင် ကလေးမြို့နယ်‌ ကလေးမြောက်ပိုင်းဖြစ်သည့် နန်းချောင်းကျေးရွာ အပါအ၀င် နန်းချောင်းကျေးရွာနှင့် နီးစပ်သည့် ကျေးရွာများကိုလည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ၀င်ရောက်မွှေနှောက်နေမှုကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင် ကာ ထွက်‌‌ပြေးတိမ်ရှောင်နေရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၇ ရက် နေ့ နံနက်ပိုင်းမှ စတင်ကာ စက္ကန့်ကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိ ရွာလုံးကျွတ်နီးပါးကို မီးရှို့ဖျက်ဆီးသည့်အပြင် ကျေးရွာတွင် ကျန်နေရစ်သည့် ဒေသခံ မြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်ခဲ့၍ စက္ကန့်ကျေးရွာတစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ထားသည့် အိမ်များနှင့် စစ်ဘေးရှောင်များ
#ကလေးမြို့ #စစ်ဘေးရှောင် #၄၀၀၀၀ကျော် #ဆေးဝါးများနှင့် #စားနပ်ရိက္ခာ #အရေးပေါ်လိုအပ်နေ #Ayeyarwaddy_Times