
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
အစ္စရေးနိုင်ငံက အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမာစ်အပေါ် မြေပြင်ထိုးစစ်ဆင်မှု အပါအဝင် အင်အား ပြည့် ထိုးစစ်ဆင်မှုပြုလုပ်ဖို့ လိုအပ်တယ်လို့ အစ္စရေးအစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက အင်တာဗျူး တစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။
ဂါဇာဒေသမှာ အရပ်သားတွေရှိတာကြောင့် ဟားမာစ်အဖွဲ့ကို သက်ညှာခွင့်ပေးမှာမဟုတ်ကြောင်း၊ အရပ် သား ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အကြီး တန်းအကြံပေး မတ်ခ်ရီဂတ်ဗ်က ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ရည်မှန်းချက်က ဂါဇာဒေသရှိ ဟားမာစ်စစ်သွေးကြွအဖွဲ့ကို ချေမှုန်းကာ နိုင်ငံရေးဆိုင်ရာ အဆောက်အအုံတွေကို ဖြိုချဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ဟားမာစ်အဖွဲ့က ဂါဇာဒေသ ထိန်းချုပ်ထားတာကို ကျွန်တော်တို့ ဖျက်ဆီးပစ်မယ်” လို့ သူက ပြောပါတယ်။
အစ္စရေးနဲ့ဟားမာစ်အဖွဲ့ကြား လက်ရှိပဋိပက္ခကြောင့် ဂါဇာကမ်းမြှောင်ဒေသမှာ ပြည်သူ ၂၈၀၀ ကျော်နဲ့ အစ္စရေးနိုင်ငံမှာ ၁၄၀၀ အပါအဝင် လူပေါင်း ၄၂၀၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ဂါဇာဒေသမှာ လူသားချင်းစာနာမှု အခြေအနေ ဆိုးလာတာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂါဇာနဲ့အီဂျစ်ကြား အကူအညီပေးအပ်နိုင်မယ့် လူသားချင်းစာနာမှု စင်္ကြံလမ်းတစ်ခု ထူထောင်ရေး ကြိုး ပမ်းမှုတွေ ပြုလုပ်နေပေမယ့် တိုးတက်မှု အနည်းငယ်သာ ရရှိပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံက အစ္စရေးကို ထောက်ခံကြောင်း အန်တိုနီဘ လင်ကန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
လူသားချင်းစာနာမှု စင်္ကြံလမ်းတစ်ခု ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်ကြဖို့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဆာ မက်ရှိုကရီက အစ္စရေးနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Senior Israeli official says Hamas will be crushed despite presence of civilians