ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာလ ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ရိုးရာမွေးနွားနောက်များအပါအဝင် ကျွဲနှင့် နွားများတွင် ခွာနာ၊ လျှာနာရောဂါဖြစ်ပွားနေပြီး ပြန်လည်ကုသနိုင်ရန် ဆေးဝါးမရှိသည့်အတွက် သေဆုံးမှုမြင့်တက်နေ ကြောင်းဒေသခံများထံက သိရသည်။

မတူပီမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်တွင်လည်း နွားနောက်သား၊ ကျွဲသားနှင့် နွားသားများရောင်းဝယ်ခြင်းမပြုကြရန် တားမြစ်ထားသည်။

“မြို့ပေါ်မှာ ဝက်သားပဲ ‌ရောင်းခွင့်ပြုတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ခွာနာ၊ လျှာနာရောဂါနဲ့ ကုသနိုင်မယ့် တိရိစ္ဆာန်ဆေးမရှိသေးဘူး။ သေဆုံးသွားတဲ့ အကောင်အရေအတွက်လည်း အရမ်းများနေပြီ။ ပြီးတော့ နွားနောက်တွေဆိုလည်း တောထဲ၊ တောင်ထဲတွေမှာ ဒီတိုင်းသေသေသွားတာ။ အရမ်းသနားဖို့ကောင်းတယ်။ အခုတစ်လကြာမြင့်တဲ့အထိ မကာကွယ်နိုင်သေးဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေသခံတချို့သည် နွားနောက်နှင့် ကျွဲ နွားများ ဖြစ်ပွားနေသည့် ခွာနာ၊ လျှာနာရောဂါကို ကုသနိုင်ရန်အတွက် ပြည်မဘက်တွင် လိုအပ်သော ဆေးဝါးများမှာယူထားသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိချိန်အထိ ရောက်ရှိခြင်း မရှိသေး ကြောင်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့က ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နွားနောက်၊ ကျွဲနှင့် နွားများကို ပိုင်ရှင်များက ယခင်လိုကောင်းမွန်စွာ ကြည့်ရှု၊ စောင့်ရှောက်ခြင်းများ မပြုလုပ်နိုင်တော့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဝက်တုတ်ကွေးများလည်း မကြာခဏဖြစ်ပွားနေ၍ ဝက်များ သေဆုံးခဲ့ရပြီး ခွာနာ၊ လျှာနာရောဂါသည် ဆယ်စုနှစ်ကြာမှ ယခုလိုပြန်လည်ဖြစ်ပွား ခြင်းဖြစ်ကြောင်းဒေသခံများထံက သိရသည်။

ပုံစာ-ချင်းပြည်နယ်ရှိ နွားနောက်များကို တွေ့ရစဉ်
#မတူပီ #နွားနောက် #ကျွဲနှင့်နွားများ #ခွာနာလျှာနာဖြစ်ပွား #မကုသနိုင် #သေဆုံးမှုမြင့်တက် #Ayeyarwaddy_Times