
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီက ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီထံက သိရသည်။
အဆိုပါကျောက်မျက်ရတနာရောင်းချပွဲတွင် မြန်မာနိုင်ငံထွက်ကုန်များဖြစ်ကြသည့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံခြားငွေဖြင့် ဝယ်ယူရမည့် ကျောက်စိမ်းအတွဲများ သတ်မှတ်ထားကာ ပြည်တွင်း၊ ပြည်ပ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ငွေ များဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံက သိရသည်။
မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များနှင့် စစ်ကောင်စီထံမှ လိုင်စင်ရယူကာ ကျောက်မျက် အရောင်းအဝယ် လုပ်ငန်း ဆောင်ရွက်နေသူများကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်၍ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိကျင်းပသည့် ကျောက်မျက်ရတနာပြပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက အိတ်ဖွင့်တစ်ဒါ စနစ်ဖြင့်ရောင်းချခဲ့ကြောင်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူများ ပိုင်ဆိုင်သည့် တွင်းထွက် သယံဇာတများ သတ္တု၊ ကျောက်မျက်၊ ပုလဲ၊ သစ်များကို ထုတ်လုပ် ရောင်းချနေသည့်လုပ်ငန်းရှင်နှင့်ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားငွေ လိုအပ်နေသည့် စစ်အုပ်စုသည် တစ်နှစ်နှစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိသော ကျောက်မျက်ရတနာပြပွဲကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံခြားငွေလိုအပ် #စစ်ကောင်စီ #နှစ်လယ်ကျောက်မျက်ပြပွဲ #ပြုလုပ်မည် #Ayeyarwaddy_Times