
ဧရာဝတီတိုင်းမ်
(ဝေါ)၊ အောက်တိုဘာလ ၁၇ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဖွဲ့များကို ယမန်နေ့အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်က KNLA၊ PDF တပ်ရင်း(၃၇၀၂)၊ တပ်ခွဲ-၄ ပူးပေါင်း အဖွဲ့ များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များမှာ စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် တပ်ဖြန့်ကာတပ်စွဲထားပြီး ဒေသခံများကို စစ်သင်တန်းတက်ရန် ဖိအားပေးနေ၍ အုတ်ဖိုကျေးရွာတွင် သဲအိပ်ဘန်ကာဆောက်နေသည့် တပ်သားများကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“အုတ်ဖိုရွာကလဲ စစ်တပ်ကတပ်စွဲထားတဲ့ရွာပဲ။ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း တွေကို ကာတာပေါ့။ စစ်တပ်အင်အားတွေကို တစ်ရွာထဲမှာပဲ အများကြီး မထားဘူး။ တပ်စိတ် တစ်စိတ် ၊ တစ်စု အဲ့လိုပဲထားတယ်။ တခုခု ဖြစ်ရင် ဖြစ်တဲ့ဘက်ကို ရှိတဲ့ဘက်က အင်အားတွေ သွားတယ်၊ အယောင်ပြပေးတာပေါ့” ဟု တော်လှန် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့တပ်စွဲထားသည့်ကျေးရွာများမှ ဒေသခံများကို စစ်သင်တန်းများတက်ခိုင်းလေ့ရှိပြီး အုတ်ဖို(၁)၊ အုတ်ဖို(၂) ၊ သံခွန် ကျေးရွာများမှ ပျူစောထီးစစ်သင်တန်း တက်ရောက်ရသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ဦးဆောင်၍ စစ်တပ်ထောက်ခံသူများမှတစ်ဆင့် ဒေသခံများ ကို လိုက်လံစည်းရုံးခိုင်းကာ စစ်သင်တန်းပေးနေပြီး အုတ်ဖိုကျေးရွာအနီးရှိ စစ်တပ်တပ်စွဲရာ ကျေးရွာတစ်ခုဖြစ်သည့် လက်ပံရွာတွင်လည်း စစ်သင်တန်း တက်ရောက်ပြီးစီးသူ ၂၅ ဦးခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဝေါမြို့နယ်၊ လက်ပံရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF တပ်ရင်း(၃၇၀၂)၊ တပ်ခွဲ-၄ မှသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး လက်နက်ခဲ ယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – PDFတပ်ရင်း ၃၇၀၂၊ တပ်ခွဲ-၄
#ပဲခူတိုင်း #ဝေါ #စစ်ကောင်စီတပ် #စနိုက်ပါပစ်ခတ်ခံရ #ပျူစောထီးစစ်သင်တန်း #PDF #Ayeyarwaddy_Times