
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မြို့နယ်အတွင်းရှိ ကျေးရွာများ မီးမရှို့စေလိုပါက ပိုက်ဆံပေးရမည်ဟု တောင်းရမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
မြောင်မြို့နယ်အတွင်း အခြေစိုက်တပ်စွဲနေသည့်တပ်အပြင် ၎င်းတပ်နှင့် လာရောက်ပူး ပေါင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက ၎င်းတို့ခန့်အပ်ထားသည့် ရပ်ကျေးအဖွဲ့၀င်များမှ တဆင့် ရွာများကို မီးရှို့မခံလိုပါက ဒေသခံများအနေဖြင့် ရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှင့် အထက်ပေးရမည်ဟု ပြောဆိုတောင်းရမ်းမှုများရှိကြောင်း မြောင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
“ရွာကို မီးမရှို့စေချင်ရင် သိန်း ၃၀၀ ပေးရမယ်လို့ တောင်းတယ်။ ရွာတွေက စီးပွားရေး လည်းမရှိဘူး။ တစ်ချိန်လုံးစစ်ပြေးနေရတော့ အဲဒီလောက်မတတ်နိုင်ဘူး။ ရွာတစ်ရွာ ကတော့ သိန်း ၂၀၀ နီးပါး သွားပေးလိုက်ရ တယ်ပြောတယ်။ မပေးနိုင်တဲ့ရွာတွေကတော့ ဘယ်လိုလုပ်ခံရမလဲဆိုတာ မသိသေးဘူး” ဟု မြောင်မြို့နယ် ဒေသလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(CDSOM) တာ၀န်ခံကိုနွေဦး(မြောင်)က ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ထိုသို့ ခြိမ်းခြောက်ငွေကြေးတောင်းရမ်းနေသည့် စစ်ကောင်စီတပ်သည် ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ ကျည်တစ်ချက်ဖောက်သံပင်မကြားလိုကြောင်းနှင့် ကြားရပါက ရွာကို မီးရှို့ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
“PDF တွေရှိလို့ ရွာကမီးရှို့ခံရတယ်၊ PDF တွေ လာတိုက်ရင် ရွာကိုဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ အဓိကကတော့ သူတို့ကို လာမတိုက်စေချင်တာရယ်၊ ရွာတွေမှာ PDF တွေမနေနိုင်အောင်လုပ်တာလို့ ပြောလို့ရတယ်။ သွေးခွဲတဲ့သဘောပေါ့” ဟု မြောင်ဒေသ ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ ခြိမ်းခြောက်ငွေတောင်းရမ်းမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၂ ရက်နေ့က မြောင်မြို့နယ်၊ ခေါင်းခွဲကျေးရွာရှိ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလိုခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လပိုင်းကလည်း မြောင် မြို့ပေါ်ရှိ ဒေသခံပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဓားစာခံတွေကို ပြန်လည်လွှတ် ပေးစေလိုပါက တစ်ဦးလျှင် ကျပ်သိန်း ၃၀ ပေးရမည်ဟု တောင်းဆိုကာ ငွေပေးသွင်းပြီးသူများကို ပြန် လည်လွှတ်ပေးခြင်းမရှိဘဲ သတ်ဖြတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှ စတင်၍ စစ်ကောင်စီ တပ်များသည် အညာဒေသ စစ်ကိုင်းနှင့် မကွေးတိုင်း အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း၊ လုယက်ဖျက် ဆီးခြင်း၊ မီးလောင်တိုက်သွင်းခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ နေအိမ်ပေါင်း ၅၇,၅၀၃ (ခြောက်သောင်းနီးပါး) ကို မီးရှို့ဖျက်ဆီး ထားကြောင်း Data for Myanmar က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဓာတ်ပုံ- ကိုနွေဦး(မြောင်)
ပုံစာ- အောက်တိုဘာ ၁၂ ရက်နေ့က မြောင်မြို့နယ်အတွင်းရှိ ခေါင်းခွဲကျေးရွာမှ နေအိမ် ၂၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်
#စစ်ကိုင်းတိုင်း #မြောင် #စစ်ကောင်စီ #ခြိမ်းခြောက်ငွေညှစ် #ငွေကျပ်သိန်း၃၀၀ #ဒေသခံနေအိမ်များမီးရှို့ #Ayeyarwaddy_Times