
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် အောက်တိုဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ဈေးကုန်များ ဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်နေကြောင်း စုံစမ်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးမြိုတွင် စံချိန်တင်မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်တွင် ရေလွှမ်းမိုးခံရကာ ပဲခူးမြို့ထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆေးပေါ့လိပ်နှင့် တချို့ကုန်စည်များ ဈေးတက်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်က အထွေထွေကုန်ဈေးမြင့် တက်နေသဖြင့် ကျဆင်းစေရန်ဆောင် ရွက်နေကြောင်း မကြာခဏထုတ်ဖော်ပြောကြားနေသော်လည်း ပြည်တွင်း အခြေခံကုန်ဈေးနှုန်းသည် ယခင်နှင့်နှိုင်းယှဉ်ပါက မြင့် တက်နေဆဲဖြစ်ပြီး တက်နေသည့် ကုန်ဈေးနှုန်းများ အမြင့်ဈေးတွင်ငြိမ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး တာဝန်များယူထားသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်ကောင်စီက ဖမ်းဆီး အရေး ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ၂၀၂၃ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရယူခဲ့သည်။
ထိုသို့ရယူပြီးနောက် “ နိုင်ငံတော် နဲ့ အများပြည်သူတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်မှုတွေ မဖြစ် စေရေးအတွက် နည်းလမ်းတကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားမယ်“ ဟု စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားထားသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကနေ၍ အမေရိကန်ဒေါ် လာအရောင်း အဝယ်ပြုလုပ်ပေး လျက်ရှိပြီး ဘဏ်သတ်မှတ်ဈေး အမေရိကန် တစ်ဒေါ်လာ ၂,၉၃၂ ကျပ်သက်မှတ်ထားပြီး ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာ ၃,၃၂၀ ကျပ် ဝန်းကျင်ရှိ၍ ဗဟိုဘဏ်သက်မှတ်ချက်နှင့် ငွေလဲနှုန်းကွာဟချက် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်ကို တွေ့ရသည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် အောက်တိုဘာ ၁ ရက်နေ့တွင် ကျပ် ၃,၃၂၀ ဝန်းကျင်ရှိရာမှ အောက်တိုဘာ ၁၆ နေ့တွင် ကျပ် ၃,၃၂၀ ဝန်းကျင်ရှိငွေလဲနှုန်း အနည်းငယ်တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်းစုံစမ်း သိရ သည်။
ထို့ပြင်ထိုင်းဘတ်ငွေဈေးလည်းပုံမှန်ရှိနေပြီး အောက်တိုဘာ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၂ ကျပ်ရှိရာ အောက်တိုဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၂ ကျပ်ရှိသဖြင့် အပြောင်းအလဲ မရှိဘဲ ဈေးတည်ငြိမ်နေကြောင်းတွေ့ရသည်။
“ပြီးခဲ့တဲ့လက နဲ့ဆို ဒီလနည်းနည်းကျလာတယ်။ ဒေါ်လာက ၂၀ လောက်ကျတယ်။ ဘတ်ဈေးက အတက်အကျ သိပ်မကွာဘူး။ ၁ ကျပ် ၂ ကျပ်လောက်ပဲ ဟတယ်။ ဒါထက် ထပ်ကျမယ်ဆိုရင်ကောင်းမှာပဲ။ ယွမ်ဈေးလည်းပုံမှန်ပဲ တစ်ယွမ်ကို ၄၅၉ ကျပ်နဲ့ ၄၅၈ ကြားထဲပဲ ” ဟု နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုပေးသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တရုတ်ယွမ်ဈေးသည် အောက်တိုဘာ ၁ ရက်နေ့တွင် တစ်ယွမ်လျှင် ၄၆၀ ကျပ်ရှိရာမှ အောက်တိုဘာ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ၄၅၉ ကျပ်ရှိကြောင်းသိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်ကျဆင်းသော်လည်း ပြည်တွင်းရွှေနှုန်းကသိသာထင်ရှားစွာ ဈေးကျဆင်း လာခြင်းမရှိဘဲ အကယ်ဒမီအခေါက်ရွှေဈေးကမာလျက်ရှိပြီး ကျပ်ငါးထောင်နှင့် တစ်သောင်းကြားသာ အတက်အကျရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှင့် နှိုင်းယှဉ်လျှင်မူ ကျပ်သုံးသိန်းကျော် ကျဆင်း လာသော်လည်း ကမ္ဘာရွှေဈေးနှင့် ဒေါ်လာပေါက်ဈေးအတိုင်း တွက်ချက် ထားသည့် ကာလပေါက်ဈေး တန်ဖိုးသို့ မရောက်ရှိသေးကြောင်း ရွှေစုသူများထံက သိရသည်။
အကယ်ဒမီအခေါက် ရွှေတစ်ကျပ်သားလျှင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကျပ် ၃၃ သိန်းကျော်ရှိပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းကျော်ရောက်ရှိခဲ့ရာ ယခုနှစ်ပတ်အတွင်း ကျပ် ၃၄ သိန်း ငါးသောင်းနှင့် ခုနစ်သောင်းကြားတွင် အရောင်းအဝယ်ပြုနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။
စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီသည် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ကိုသတ်မှတ်ပေးနေသည့် စစ်ကောင်စီ၏ စွမ်းအင် ဝန်ကြီးဌာန အောက်ရှိ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကို အောက်တိုဘာ ၁၃ ရက်နေ့တွင်ဖျက်သိမ်း၍ အဆိုပါကော်မတီကို ပြင်ဆင်ဖွဲ့စည်း လိုက်ကြောင်း ထုတ်ပြန်သည်။
အဆိုပါကော်မတီနာမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ်တာဝန်ယူကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွဲ့ဝင် အဖြစ် ပါဝင်ကြောင်းထုတ်ပြန်သည်။
ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရန် နှင့် တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မှီရေးနှင့် ပြည်သူများစျေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်သူ သုံးစွဲနိုင်ရေး တို့ကို ကြီးကြပ်ကွပ်ကဲရန်အတွက် အဆိုပါကော်မတီအသစ်ကို ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
ယင်းအပြင်စစ်ကောင်စီက နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ လျော့နည်းနစ်နာမှု မရှိစေရန် နှင့် စျေးနှုန်းများ စနစ်တကျရှိစေရန် ကြီးကြပ်ဆောင်ရွက်ရ မည်ဖြစ်ပြီးကြောင်းထုတ်ပြန်သည်။
စက်သုံးဆီဈေးနှုန်းသည် ယခင်စက်တင်ဘာလနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပတ်အတွင်း ကျဆင်းလာကြောင်း သိရသည်။ ပြီးခဲ့သည့်လက ၂,၆၀၀ ကျပ် ကျော်ထိမြင့် တက်ခဲ့သော စက်သုံးဆီဈေးသည် ယခုအောက်တိုဘာလတွင် ၂,၃၀၀ ကျပ်ဝန်းကျင်၌ရှိနေသည်။
အောက်တိုဘာ ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၀၁၅ ၊ ၉၅ တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၃၇၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၂၅၅ ကျပ်ရှိကြောင်း သိရသည်။
ယခုလအစ အောက်တိုဘာ ၁ ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းတွင် ၉၂ တစ်လီတာလျှင် ၂၁၂၀ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂,၂၁၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၅၈၀ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၅၄၀ ကျပ်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန် ဆန်နှင့် ဆီဈေးနှုန်းများကို စစ်ကောင်စီသတ်မှတ်နှုန်း ထားအတိုင်း ရောင်းချရန် တင်းကျပ် လိုက်ပြီးနောက်တွင် ဈေးကွက်အတွင်း ဆန်ကို လိုအပ်သလိုဝယ်ယူခွင့်ရသော်လည်း စားသုံးဆီကိုမူ သတ်မှတ်ဈေး အတိုင်း ရောင်းချ သည့် ဆီဆိုင်များတွင် တိုးကြိတ်ဝယ်ယူရကြောင်း သတင်းရရှိသည်။
မကြာမီကာလအတွင်း မိုးစပါးပေါ်ထွက်လာတော့မည်ဖြစ်သည်။ မုတ်သုံအထွက် နောက်ကျပြီး မိုးရွာသွန်းမှုများပြားကာ ရေကြီး ရေလျှံမှုများကြောင့် လယ်ယာများရေနစ်မြုပ်ခဲ့ပြီး စပါးထွက်ရှိမှုလျော့ကျ နိုင်ကြောင်း တောင်သူများထံက သိရသည်။
ပြည်တွင်းစားသုံးမှု မြင့်သောပေါ်ဆန်းအုပ်စုဝင်ဆန် အမျိုးအစားများသည် ကျပ် တစ်သိန်းကျော်မှ တစ်သိန်းဝန်းကျင်ရှိပြီး ယခုရက်ပိုင်းအတွင်း ငါးထောင်ကျပ်ကျ ဆင်းကြောင်း ဆန်ရောင်းချသည့်ဆိုင်တစ်ခုမှ စုံစမ်းသိရသည်။
ရွှေဘိုပေါ်ဆန်းမွှေး ၁၃၀,၀၀၀ ကျပ်၊ ၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ၁၂၅,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၂၀,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၀၈,၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းတစ်အိတ် ၉၈,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၉၄,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၈၂,၀၀၀ ကျပ်၊ ဇီယာရှယ် ၇၂,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက်ကားအရောင်းဆိုင်ထံက သိရသည်။
ဩဂုတ်လနောက်ဆုံးအပတ်မှစတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီ နှစ်ဆယ်ကျော်ပူးပေါင်းပြီး စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချရာနေရာများတွင် ပြည်သူများတန်းစီးတိုးဝယ် နေရသည်။
စစ်ကောင်စီသည် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ တစ်ပိဿာလျှင် ၄၂၇၅ ကျပ်ဖြင့် အောက်တိုဘာ ၁၆ ရက်မှ ၂၂ အတွင်း ရောင်းဈေးသတ်မှတ်ထားသည်။
ယင်းဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်းမရှိသောအရောင်းဆိုင်များသည် စားအုန်းဆီ အရောင်း ရပ်ထားရ ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိနှစ်ပတ်အတွင်း စားဖိုဆောင်သီးနှံဈေးနှုန်းတချို့တည်ငြိမ်နေပြီး သား၊ငါးဈေး အနည်းငယ် မြင့်တက်လာ ကြောင်းသိရသည်။ ကြက်သားတစ်ပိဿာ ကျပ် ၁၂,၀၀၀ ရှိရာမှာ ကျပ် ၁၅,၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိသာ ကျပ် ၁၅,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ် ဈေးတက်သွားကြောင်းသိရသည်။
ထို့ပြင် ကြက်သွန်နီ တစ်ပိဿာ ၃,၅၀၀ ကျပ်ဖြင့် ပြီးခဲ့သည့်အပတ်ကထက် ငါးရာကျပ် ဈေးကျလာပြီး ကြက်သွန်ဖြူတစ်ပိဿာ တစ်သောင်းကျပ်၊ အာလူးတစ်ပိဿာလျှင် ၂,၅၀၀ ကျပ်ရှိကြောင်း ညောင်ပင်လေး ဈေးကွက်မှ စုံစမ်းသိရသည်။
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #အောက်တိုဘာ၁မှ၁၆ #Ayeyarwaddy_Times