ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်

ခရီးသွားရာသီကာလအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ကြိုးပမ်းမှုအနေနဲ့ ထိုင်းနိုင်ငံက ရုရှားနိုင်ငံသား တွေကို ကာလကြာရှည် နေထိုင်ခွင့်ပြုမယ်လို့ အစိုးရဝန်ကြီးတစ်ဉီးက ပြောပါတယ်။

နိုဝင်ဘာလမှစတင်ကာ ရုရှားခရီးသွားတွေဟာ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်နိုင်ကာ လက်ရှိသတ်မှတ်ထားတဲ့ ရက် ၃၀ မှ ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ အများဆုံး ရက် ၉၀ အထိ နေထိုင်ခွင့်ပြုမယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီး ဆူဒါဝမ်က ဗန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီနှစ် ဩဂုတ်လအထိ ရုရှားခရီးသွား ၉၂၃၀၀၀ ကျော် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယမှ ခရီးသွားတွေနောက် ပဉ္စမမြောက် ခရီးသွားအများဆုံး လာရောက်တဲ့နိုင်ငံ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက ရုရှားခရီးသွား ၁ ဒသမ ၅ သန်းခန့် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ် ကာ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံခန့် သုံးစွဲခဲ့တာကြောင့် တတိယအများဆုံး ငွေကြေးသုံးစွဲတဲ့ ကမ္ဘာလှည့်ခရီးသွား တွေ ဖြစ်ခဲ့တယ်လို့ ထိုင်းအစိုးရရဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

ဗန်ကောက်ကုန်တိုက်တစ်ခုမှာ မကြာသေးမီက သေနတ်ပစ်ခတ်မှုဖြစ်စဉ်တစ်ခုကြောင့် ဗီဇာကင်းလွတ် ခွင့်ရတဲ့ တရုတ်ခရီးသွားတွေကို ထိုင်းနိုင်ငံက တောင်းပန်မှုပြုလုပ်ခဲ့ပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ဖို့ ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုကို အားထားနေပါတယ်။

အောက်တိုဘာလ ၁၄ ရက်အထိ တရုတ်ခရီးသွား ၅၉၀၀၀၀ က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ လေကြောင်းခရီးစဉ်တွေ၊ ဟိုတယ်တွေမှာ ကြိုတင်စာရင်းသွင်းခဲ့ပေမယ့် ကုန်တိုက်ပစ်ခတ်မှုဖြစ်စဉ်မတိုင်မီက စာရင်းဖြစ်တဲ့ ၆၅၀၀၀၀ ထက် လျော့နည်းသွားတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ပြော ပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်က လာရောက်လည်ပတ်ခဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ ဒီနှစ်အတွင်း ကမ္ဘာခရီးသွား သန်း ၃၀ ဆွဲဆောင်ဖို့ ခန့်မှန်းထားပါတယ်။

ကိုးကား – Bangkok Post
Ref; Govt to allow Russians to stay up to 90 days without visas

#Ayeyarwaddy_Times