
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ အောက်တိုဘာလ ၁၇ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်နှင့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဇိုလဲန်တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကွင်းဆင်း လှည့်လည်မှုများနှင့် စည်းရုံးမှုများလုပ်ဆောင်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
တီးတိန်မြို့ပေါ်နှင့် ကျေးရွာများသို့ ZUF/PDF-Zoland၊ တီးတိန်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာနများမှ အင်အား ၁၀၀ ကျော်က ယာဉ် လေး စီး၊ ဆိုင်ကယ်အစီးရေစုစုပေါင်း ၂၀ ကျော်ဖြင့် သွားရောက် ကွင်းဆင်းလှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသိရပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန်အတွက် ပြည်သူ လူထုအနေဖြင့် လက်နက်၊ ခဲယမ်းများပါဝင်ကူညီဖြည့်တင်ပေးကြရန် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့-ဇိုလဲန်က မေတ္တာရပ်ခံထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဇိုလဲန်က တီးတိန်မြို့ပေါ်နှင့် ကျေးရွာများတွင် နယ်လှည့် ကွင်းဆင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းမ်အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ယခု သတင်းဖော်ပြချိန် အထိ ဆက်သွယ်၍ မရခဲ့ပေ။
ပုံစာ-တီးတိန်မြို့ပေါ်တွင် နယ်လှည့်ကွင်းဆင်းမှုများဆောင်ရွက်နေသော PDF-Zoland
#ချင်းပြည်နယ် #တီးတိန်မြို့ #ကျေးရွာများ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဇိုလဲန် #ကွင်းဆင်းလှည့်လည် #Ayeyarwaddy_Times