
နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ သဲကုန်းကျေးရွာရှိ စစ်ရှောင်နေသည့် ကလေးသုံးဦးအပါဝင် ဒေသခံခြောက်ဦးကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အသတ်ခံရသူများသည် သဲကုန်းကျေးရွာ ဒေသခံများဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက်လာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသူများ ဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တစ်ရွာလုံး ထွက်ပြေးကြရတာ။ စစ်ကြောင်းက ရွာထဲက ပြန်ထွက်သွားတဲ့အချိန် ရွာက ကလေးတစ်ယောက်က စစ်သားတွေ မရှိတော့ဘူးဆိုပြီး နွားစာကြွေးဖို့ပြန်အဝင် ရွာထဲမှာကင်းပုန်းဝပ်ပြီး စောင့်နေတဲ့ စစ်သား(စစ်ကောင်စီတပ်)တွေနဲ့တိုးပြီး အဖမ်းခံလိုက်ရတာ။ စစ်သားတွေက အဖမ်းခံရတဲ့ကလေးကို ဖုန်းပေးဆက်ခိုင်းပြီး ထွက်ပြေးနေတဲ့သူတွေကို လိမ်ခေါ်ခိုင်းတာ။ စစ်သားတွေမရှိတော့ဘူးဆိုပြီး ရွာကိုပြန်လာတဲ့သူတွေကို ဖမ်းပြီးသတ်လိုက်တာ။ သတ်တာကတော့ သူတို့ အသင့်လုပ်ထားတဲ့ သစ်နတ်သား ဒုတ်တွေနဲ့ ရိုက်သတ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဒေသခံများမှာ မောင်ခန့်နေနိုင် (၁၆)နှစ်၊ မောင်သန့်ဇင်ဦး(၁၄)နှစ်၊ မောင်သန်းထိုက်အောင် (၁၇) နှစ်၊ ကိုဇော်မောင် (၃၁) နှစ်၊ ကိုဇော်သူ(၃၂) နှစ် နှင့် ကိုမောင်လင်း (၃၄) နှစ် တို့ဖြစ်ပြီး နယ်မြေရှင်းလင်း၍ ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
“နယ်မြေရှင်းလင်းရေးလုပ်ဖို့ လာတဲ့အချိန် ရွာအဝင်မှာ ခေါင်းဖြတ် သတ်ခံထားရတဲ့ ကလေးတချို့ကိုတွေ့တယ်။ ခေါင်းတွေကိုဖြတ်ပြီး လမ်းဘေးကတိုင် ငုတ်တွေပေါ်တင် ထားတာတွေ့ရတယ်။ နောက်ရွာထဲမှာ ဖမ်းစီးခံထားတဲ့သူတွေရဲ့ အနားမှာ ကွန်ဒုံးတွေ ပြန့်ကျဲနေတာတွေတွေ့ရတယ်။ ရွာထဲပြန်ဝင်လာတဲ့ အမျိုးသမီး တွေကိုလည်း မဖွယ်မရာတွေ လုပ်ထားတာဖြစ်နိုင်တယ်။ လက်ရှိအချိန်ထိတော့ သတ်ဖြတ်ခံထားရတဲ့ အလောင်း ခြောက်ခုတော့တွေ့ရတယ်။ အခြားနေရာတွေကိုလည်း နယ်မြေရှင်းလင်း တာတွေလုပ်နေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များသည် တစ်ရွာဝင်တစ်ရွာထွက်ဖြင့် ရွာစဉ် လှည့်လည်၍ စစ်ကြောင်း ထိုးဝင်ရောက်ကာ ဖမ်းဆီးသတ်ဖြတ်မှု ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဒေသခံများ
#စစ်ကောင်စီတပ် #ယင်းမာပင်ခရိုင် #သဲကုန်းကျေးရွာကို #ကလေး၃ဦးအပါအဝင် #ဒေသခံ၆ဦးကိုသတ်ဖြတ် #Ayeyarwaddy_Times