
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အောက်တိုဘာလအတွင်း လျှပ်စစ်မီးသုံးစွဲသူများကို မီတာခကောက်ခံရာတွင် ယခင်ထက်ပိုမိုတောင်းခံမှုတွေရှိလာကြောင်း ဒေသခံများထံမှသိရှိရသည်။
မီတာခများယခုလို တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သတ်ပြီး ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို
မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ မီတာမဆောင်ပါက မီတာဖြုတ်သိမ်းမည်ဟုသာ ပြောကြားခဲ့သည်ဟု သိရှိရသည်။
” ခုလာတဲ့မီတာစာရွက်က အရင်လဟာပေါ့၊ ယူနစ်တွေကအရင်အတိုင်းပဲ ဒါပေမယ့် အရင်ထက် ၃ ဆ ကျနေလို့
မေးတော့ ရုံးမှာလာမေးလို့ ပြောသွားတယ် “ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိပုသိမ်မြို့တွင် တစ်နေ့တွင်လျှပ်စစ်မီး ပျက်တောက်မှု ၆ ကြိမ်ထက်မနည်းရှိနေပြီး မီးရရှိချိန်တွင် မီးအားနည်းမှုများကြောင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
” ခုလပိုင်းမှာ မီးပျက်တာက တော်တော်ဆိုးနေပြီ၊ မနက်ကျောင်းချိန် အလုပ်ချိန်ချက်ဖို့အချိန်ဆိုမလာဘူး။ နေ့လည်ခဏလာပြီး တနေ့ခင်းလုံးပျက်နေတယ်၊ ညနေလာရင်လည်း ၄၅ မိနစ်ပဲ ညဆို ညဥ့်နက်မှလာတယ် ၄ နာရီလောက်ဆိုပျက်ရော”လို့ ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့မှာ လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိသော်လည်း မီတာခကို ပုံမှန်လာရောက်ကောက်ယူပြီး မီတာခမဆောင်နိုင်သောနေအိမ်များနှင့် ကြွေးကျန်ရှိနေသောနေအိမ်များက မီတာများကို EPC ၀န်ထမ်းတွေက လာရောက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့ကြောင်း မြို့ခံများဆီမှသိရှိရသည်။
#ပုသိမ်မြို့ #လျှပ်စစ်မီတာခ #သုံးဆတိုး #စစ်ကောင်စီတပ် #Ayeyarwaddy_Times