
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်
စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းပဋိပက္ခများကြောင့် စစ်ဘေးရှောင် အရေအတွက် တစ်နေ့တခြား တိုးတက်များပြားလာပြီး ထိုအရာ၏ တရားခံမှာ အာဏာသိမ်း စစ်ကောင်စီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံ-KNU က ပြောကြားခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ (သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်များအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲ များကြောင့် စစ်ဘေးရှောင် ပြည်သူလူထု အရေအတွက်သည် ခုနစ်သိန်းကျော်၊ ၇၁၇,၆၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။
“အဓိက ပြောချင်တာကတော့ ဒီကနေ့တိုင်းသူပြည်သားတွေ အထူးသဖြင့် စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ IDP တွေရဲ့အရေအတွက် အင်မတန် ကြောက်ခမန်းလိလိ တိုးတက်များပြားလာပါတယ်။ အဲ့ဒီ တရားခံက စစ်ကောင်စီပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက လူထုကို ပစ်မှတ်ထားပြီးတော့ လေယာဉ်ပျံနဲ့ ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒါကြောင့် ဒီအခြေအနေတွေ ဖြစ်လာတာဖြစ်တယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KNU ဗဟို၏ နည်းလမ်းရှာစီစဉ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင် အိမ်ထောင်စု ၅၄,၄၉၄ စု မှလူဦးရေ ၂၆၉,၆၃၁ ဦးအတွက် ထိုင်းဘတ်ငွေ ၉ သန်း (၉,၀၀၀,၀၀၀) ခန့်ကျသင့်သော အခြေခံစားသောက်ကုန်နှင့် အခြားသော လိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီး အထောက်အပံ့ မရရှိသေးသည့် စစ်ရှောင်ပြည်သူများစွာ ကျန်ရှိ နေသေးကြောင်း သိရသည်။
“လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဘေးဒုက္ခကြီးကို သူ(စစ်ကောင်စီ)ကိုယ်တိုင်ပဲ ဖန်တီးခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ တော်လှန်ရေး သမားကို ပစ်ခတ်တာထက် လူထုကို သဲသဲမဲမဲနဲ့ လိုက်ပြီးတော့ ပစ်တာ၊ လူထုနေလို့ မရအောင် တမင်တကာလိုက်ပြီး လုပ်ဆောင်နေတယ်ဆိုတာ စစ်ကောင်စီရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။
စစ်ကောင်စီတပ်များသည် ယခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို အရှိန် အဟုန်တိုးမြင့် လုပ်ဆောင်လာခြင်းနှင့်အတူ လူအခွင့်အရေချိုးဖောက်မှု အများ အပြားကိုလည်း ဆက်လက်ကျူးလွန်လျှက်ရှိသည်။ စစ်ကောင်စီ၏ ကျူးလွန်မှုကြောင့် တိုက်ပွဲများဖြစ်ပွားရာ နေရာတွင်ရှိသော ဒေသခံများမှာ နေရပ်အိုးအိမ်များ၊ လုပ်ငန်းဆောင်တာများကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ်လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာလိုအပ်လျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီအခြေအနေတွေအောက်မှာ စစ်ကောင်စီကပဲ လူထုကို ဖျက်ဆီးတယ်။ ပြီးရင် သူ(စစ်ကောင်စီ)ကပဲ လူသားချင်း စာနာထောက်ထားမှုကို လက်နက်သဖွယ် အသုံး ပြုပြီးတော့ လူထုတွေကို ကယ်တင်ရှင်ပုံစံ ပြန်ဖမ်းမယ်။ အကူအညီ ရရေးအတွက် သူနဲ့ပဲ သွားရမယ်၊ သူ့ဆီကိုပဲ ဖြတ်လာ ရမယ်ဆိုတဲ့ အချိုးမျိုး အဲ့လိုပုံစံမျိုးကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ KNU ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ -KNDO တို့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ပေါင်း ၃,၅၇၀ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များဘက်မှ အရာရှိ အရာခံများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၈၆၅ ဦးသေဆုံးခဲ့ပြီး ၂,၂၆၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ KNU ဘက်မှ ၁၁၂ ဦး သေဆုံး၍ ၃၉၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – KNU
ပုံစာ- KNU နယ်မြေအတွင်းရှိ စစ်ဘေးရှောင်များ
#စစ်ဘေးရှောင်အရေအတွက် #တိုးတက်များပြား #တရားခံစစ်ကောင်စီ #KNU #Ayeyarwaddy_Times