ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

အိမ်မဲမြို့နယ်ရှိ လိုင်စင်မဲ့ ကေတီဗွီ တစ်ခုတွင် အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်က ဓားထိုးမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးသွားခဲ့သည့်အတွက် ကေတီဗီများကို ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်း ၊ အိမ်မဲမြို့နယ်တွင် အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်က ကေတီဗွီတွင်လာရောက် သောက်စားနေသူများနှင့် ဆိုင်ရှိဝန်ထမ်းများကြား စကားများကာ အပြန်လှန်ထိုးကြိတ်ရာမှ ဆိုင်ဝန်ထမ်း က ဓားနှင့်ထိုးသဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သေတဲ့သူက ထောင်ထွက်လို့လည်းပြောတယ်။ ကေတီဗွီမှာ သောက်စား သီချင်းဆိုပြီး ပြန်ထွက်တော့ ပိုက်ဆံရှင်းတဲ့နေရာမှာ ပြသနာဖြစ်တာလို့ပြောတယ်။ တိုင်ချင်တဲ့နေရာတိုင် မရှင်းနိုင်ဘူးလို့ပြောတာကြောင့် ဆိုင်ကဝန်ထမ်းနဲ့ စကားများတာကို သူကလက်အရင်ပါတော့ သူချကိုယ်ချနဲ့ ဓားထိုးခံရတာလို့ကြားတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိမ်မဲမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေတီဗွီ ဆိုင်အရေအတွက် တိုးလာခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“၂၀၂၁ နောက်ပိုင်းမှာ ကေတီဗွီတွေ ပိုများလာတယ်။ အများအားဖြင့် လူငယ်တွေ ပိုပျက်စီးလာကြတယ်။ ညပိုင်းဆို မူးရူးပြီး မြို့ထဲပြန်လာရင် ဆိုင်ကယ်ကို အသေကုန်မောင်းနေကြတာ။ အခုက ဘယ်လိုဖြစ်နေလည်းဆိုတော့ မြို့ထဲမှာ ညဘက် သားသားနားနားလေးဝတ်ပြီး အပြင်ထွက်ရင်တောင် ကေတီဗွီ က မိန်ကလေးတွေလို့ ထင်နေကြတဲ့အထိဖြစ်နေပြီ “ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် ကေတီဗွီများအား ယာယီပိတ်ထားခိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

#အိမ်မဲမြို့ #ကေတီဗွီ #ဓားထိုးမှုဖြစ်ပွား #ကေတီဗွီ #ယာယီပိတ်ထား #Ayeyarwaddy_Times