ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

ကရင်ပြည်နယ်၊ ဖာပွန်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုတွင်တာဝန်ကျနေသည့် စစ်ဆေး ဆရာဝန်ဗိုလ်ကြီးတစ်ဦးသည် တာဝန်ချိန်ထက်ပိုလွန်ကာ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်းခံရသည့်အတွက် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။

မင်္ဂလာဒုံ ဆေးတက္ကသိုလ် အပတ်စဉ် (၁၆)ဆင်း စစ်ဆေး ဆရာဝန် ဗိုလ်ကြီး နေလင်းထက် အသက် (၃၂) နှစ်သည် ဖာပွန်ဘက်ရှိ ရှေ့တန်းစခန်းတစ်နေရာတွင် တာဝန်ကျခဲ့ပြီး ၎င်းတာဝန်ပြီးဆုံးချိန်ထက် သုံးလခန့် ကျော်လွန်နေသည်အထိ စစ်ကောင် စီတပ်မှ တာဝန်လဲလှယ်ပေးခြင်း မရှိသည့်အတွက် စိတ်ဖိစီးကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုသေသွားတဲ့ ဗိုလ်ကြီးဆိုရင် သူအရင်ဖြတ်သန်းခဲ့ရတဲ့ပုံစံနဲ့ အခုဖြတ်သန်းခဲ့ရ တာကကွာတယ်။ သူဂျူတီပြီးလို့နောက်တန်းပြန်ဝင်ရမယ့်အချိန်မှာ မဝင်ရတော့ စိတ်ဖိစီးပြီး သတ်သေသွားတာ။ ပြန်ရတော့မယ်ဆိုပြီး မျှော်လင့်ချက်ရှိလာချိန်မှာ သုံးလလောက်ထိကိုကျော်လာပြီး ဂျူတီမလဲပေးဘူးဆိုတော့ စိတ်ဓာတ်ကျလာပြီး အဆုံးစီရင်သွားတာ။ စစ်ဆေးဆရာဝန်ဆိုတာ အကြမ်းပတမ်းသမားမဟုတ်ဘူး။ အဲ့လိုလူတွေက ခုလိုစစ်တိုက်ရတဲ့အခါကျတော့ စိတ်ဖိစီးမှုတွေဖြစ်လာတာ” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုအခါတွင် စစ်ကြောင်းအများအပြားကို ရှေ့တန်းပို့ဆောင်နေပြီး ၎င်းတို့နှင့်အတူ လက်ရုံးတပ်ဖြစ်သည့် ဆေးတပ်များမှ စစ်ဆေးအရာရှိများကိုလည်း အလှည့်ကျ ရှေ့တန်းသို့ စေလွှတ်နေကာ အင်အားမလုံလောက်မှုကြောင့် ယခုကဲ့သို့ တာဝန်ချိန်များထက်ပိုမိုကာ တာဝန်ထမ်းဆောင်နေရခြင်းလည်း ဖြစ်ကြောင်းသိရသည်။

“စစ်ကြောင်းတစ်ကြောင်းမှာ စစ်ဆေးဆရာဝန်ဆိုတာက မပါလို့မရဘူး။ အရေး ပေါ်ထိခိုက် ဒဏ်ရာရမှုတွေအတွက်။ စစ်သားတွေကလည်း ရှေ့တန်းထွက်ရင် စစ်‌ဆရာဝန်ပါရင်ပို အားရှိတယ်။ စစ်ကြောင်းထိုးတာများရင် ထိခိုက်တာလည်း များလာမယ်။ ရှိတဲ့ ကျောင်းဆင်းခါစအငယ်တွေ၊ ဆေးမှူးတွေနဲ့မလောက်တော့ဘူး။ ရာထူးကြီးတဲ့သူတွေပါပါလာရပြီ။ အကြီးတန်း စစ်ဆေးဆရာဝန်တွေကို ရှေ့တန်းလွှတ်ဖို့ မင်းအောင်လှိုင်(ဗိုလ်ချုပ်မှူးကြီး) ဆီမှာ အတည်ပြုထားပြီးလို့ သိရတယ်။ တရားဝင်တော့ အမိန့်မထုတ်သေးဘူး” ဟု CDM တပ်မတော်သားက ဆိုသည်။

စစ်ကောင်စီသည်ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စော်ကားသည့်ပို့စ်များဖြန့်ဝေသည်ဟူသည့် စွဲချက်ဖြင့် စစ်ဆေးဆရာဝန်နှစ်ဦးဖြစ်သည့် ဗိုလ်ကြီးရဲရင့်ဆွေကိုသေဒဏ်ချမှတ်ခဲ့ပြီး ဒုဗိုလ်မှူးကြီးအောင်ခန့်ကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့သည်။

ဓာတ်ပုံ – စစ်ဆေးဝန်ထမ်းများ(ပုံဟောင်း)
#ဖာပွန် #စစ်ဆရာဝန် #အဆုံးစီရင် #‌ဗိုလ်ကြီး #တာဝန်ထမ်းဆောင် #Ayeyarwaddy_Times