ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

မြန်မာ- တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော်အခြေစိုက်ရာ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခတ်စစ်ဘေးရှောင်ကို ညအချိန်တွင် စစ်ကောင်စီက ကြီးမားပြင်းထန်သည့် unguided bomb အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) သတင်းထုတ်ပြန်သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကိုလေ့လာကြည့်ရှုချက်များအရ စစ်ပွဲများတွင်အသုံးမပြုရန် တားမြစ်ထားသည့် unguided bomb ( 250 kg, 500 kg) ဗုံး အကြီးစားအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ဆင်ခြင်မဲ့ရမ်းကားပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇဝင်မှုမြောက်ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( Amnesty International) ၏ အောက်တိုဘာ ၁၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ ချိုင့်ကျင်းအရွယ်အစားနဲ့ အပျက်အစီးတွေကို လေ့လာ ခဲ့ပြီးနောက် စစ်ကောင်စီတပ် အသုံးပြုလေ့ရှိတဲ့လေကြောင်း ကနေ ပစ်ခတ်တဲ့ကြီးမားတဲ့ ပြင်းထန်တဲ့ ဗုံးအမျိုးအစားနဲ့ကိုက်ညီနေတယ်” ဟု AI က လက်နက်ကျွမ်းကျင်သူ ပြောကြားချက်ကို ထုတ်ဖော်ရေးသားထားသည်။

တိုက်ခိုက်မှုအပြီးတွင်မြင်ရသော ဓာတ်ပုံနှင့် ဗွီဒီယိုင်များကို အသေးစိတ် လေ့လာရာတွင် ပေါက်ကွဲမှုကြီးတစ်ခုကြောင့် အနီးအနားရှိ ဘုရားကျောင်းများ၊ ကလေးမူကြိုကျောင်း၊ စာသင်ကျောင်း များပါအဝင် နေအိမ်၊အဆောက်အအုံများ ပြိုကျပျက်စီးပုံ၊ မီးလောင်ကျွမ်းပုံ အထောက် အထားများကိုသုံးသပ်ရာတွင် ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှုကြောင်း AI ထုတ်ပြန်ချက်တွင်ပါ ဝင်သည်။

စစ်ကောင်စီက အဆိုပါ တိုက်ခိုက်မှုကိုငြင်းဆို၍ အမိုနီယံနိုက်ထရိုက် ယမ်းသိုလှောင်ရုံ ပေါက်ကွဲကြောင်း သတင်းထုတ်ပြန်ထားသော်လည်း ပေါက်ကွဲမှုသည် ယမ်းသို လှောင်ရုံ‌ကြောင့်မဟုတ်ဘဲ ပုံမှန်ယာဉ်အသွားအလာရှိသည့် နေရာမတွင် ပေါက်ကွဲခဲ့ ခြင်းဖြစ်သည့်အပြင် အချိန်ကိုက် တိုက်ခိုက်ခဲ့သည့် လက္ခဏာများတွေ့ရကြောင်း AI ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် နေ့စဉ်ဖြစ်ပွားနေတဲ့ ထိတ်လန့်စရာအဖြစ်အပျက်တွေ မြင်နေရပြီး လှစ်ဟပြနေချိန်မှာ ကမ္ဘာကြီးကနိုးထဖို့လိုနေပါပြီ။ ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်တပ်က နိုင်ငံအနှံ့အရပ်သားတွေကို အထပ်ထပ်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် လေကြောင်း လောင်စာဆီနဲ့ လက်နက်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်“ ဟု AI ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အစုလိုက်အပြုံလိုက်တိုက်ခိုက်ခံရမှုများ အပါအဝင် မြန်မာ့အခြေအနေကိုဖြေရှင်းရန် စစ်ရာဇဝတ်မှုများအတွက် International Law ဖြင့် တရားမျှတမှုရယူ၍ ကုလသမဂ္ဂမှတဆင့် ICC ထံလွဲပြောင်းသင့်ကြောင်း AI က ဆိုထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အရပ်သား ပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှုများကိုသိမ်းဆည်းခြင်း နှင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများကို စနစ်တကျဖြင့် ဆက်တိုက် ကျူးလွန် လျက်ရှိသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ည ၁၁နာရီ ၃၀ မိနစ်ခန့်က ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၈ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ကလေးငယ်များနှင့် စစ်ဘေးရှောင် ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း #လေကြောင်းတိုက်ခိုက်ခံရ # ကြီးမားပြင်းထန် #unguidedbomb #စစ်ကောင်စီသုံး #AIထုတ်ပြန် #Ayeyarwaddy_Times