နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်များ ရုပ်သိမ်း လိုက်ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။

ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း၊ ရဲဘော် စောမောင်မောင်ဦး၊ ရဲဘော် မင်းဇော်တို့ သုံးဦးသည် ABSDF မှ ချမှတ်ထားသော မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တပ်ဖွဲ့ဝင်အဖြစ်နဲ့တော့ တည်ရှိတယ်။ သို့ပေမဲ့ သူတို့ရဲ့ ပေးအပ်ထားတဲ့ နိုင်ငံရေး တာဝန်တွေ၊ စစ်ရေးတာဝန်တွေကို အကုန်လုံးပြန်လည် ရုပ်သိမ်းထားပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူပြီး တော့ တာဝန်ယူ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပသော ABSDF ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းလိုက်ပြီး အဖွဲ့၏ မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များ ဆက်လက်ဆောင်ရွက်ခြင်း မပြုလုပ်ရန်လည်း ABSDF က သတိပေးထုတ်ပြန်ခဲ့သည်။

“ABSDF မူလဖွဲ့စည်းစဉ်ကတည်းက ရပ်တည်တဲ့ ရပ်တည်ချက်အတိုင်းပဲ ကျွန်တော်တို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာ ရှင်စနစ် လွတ်မြောက်ရေးတိုက်ပွဲကို ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူပဲ ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတဲ့အကြောင်းကိုတော့ ပြောချင်ပါတယ်။ ဝေဝါးမှု မရှိပါဘူး။ ကျွန်တော်တို့ ဒီရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ပြီးတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ့် အကြောင်းကိုတော့ ကျွန်တော်တင်ပြချင်ပါတယ်” ဟု ရဲဘော် ဆန်နီက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း အဆိုပါ NCA နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ABSDF ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် တတ်ရောက်နိုင်ခြင်းမရှိဟု အကြောင်းပြန်ကြားခဲ့သလို မည်သည့် တပ်ဖွဲ့ဝင်ကိုမျှ တက်ရောက်ရန် တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း ABSDF၊ ကရင်အမျိုးသားအစည်းအရုံ-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ဘုံနိုင်ငံရေး ရပ်တည်ချက်အဖြစ် ချမှတ်၍ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့်ပတ်သက်၍ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ-EROs မှ NCA အသိသက်သေများနှင့် နိုင်ငံတကာအသိုက်အ၀န်းသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း အဆိုပါအဖွဲ့သုံးဖွဲ့မှ အောက်တိုဘာ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ပုံစာ- ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း

#စစ်ကောင်စီ #NCA၈နှစ်မြောက်နှစ်ပတ်လည် #ABSDF # ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းပါသုံးဦး #နိုင်ငံရေးနှင့်စစ်ဘက်ဆိုင်ရာ #တာဝန်များရုပ်သိမ်း #ရဲဘော်ဆန်နီ #Ayeyarwaddy_Times