
နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်
မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့၊ ဘီးလင်းကျိုက်ထို-ကားလမ်းမကြီးတွင် စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
“ စစ်ကောင်စီတပ်စစ်ကြောင်းက အတင်းထိုးဝင်လာတာ။ လက်နက်ကြီး လက်နက် ငယ်တွေ ပစ်ခတ်ပြီး အင်အားအလုံးရင်းနဲ့ဝင်လာလို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ။ တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ မြေပြင်မှာ စစ်သားအလောင်း ငါးလောင်း တော့တွေ့ရတယ်။ ဒဏ်ရာရသူတွေကိုတော့ ပြန်သယ်သွားတယ်။ ဆေးရုံမှာ နောက်ထပ် နှစ် ယောက်သေဆုံးပြီး အသေအပျောက်များနိုင်တယ်လို့ သတင်း ရတယ်”ဟု မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကား ခုနစ်စီးဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်ဦးမှု ရယူနိုင်သော်လည်း လက်နက်အင်အား၊ လူအင်အားမမျှတ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။
အင်အားချိနဲ့လာသည့် စစ်ကောင်စီတပ်များသည် စစ်ကြောင်းပုံစံ လူအင်အားခွဲ၍ စစ်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး တပ်ရင်းတစ်ရင်းတွင် စစ်ကြောင်း ၅ ကြောင်းခန့် ခွဲ၍ လုပ်ဆောင်နေကာ စစ်ကြောင်း တစ်ကြောင်းတွင် စစ်ကောင်စီတပ်သား အယောက် ၃၀ ခန့်သာ ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံက သိရသည်။
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
#မွန်ပြည်နယ် #ကျိုက်ထို #စစ်ကြောင်းထိုးဝင်ရောက် #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့ #ထိတွေ့တိုက်ပွဲ #ထိခိုက်သေဆုံးမှုများ #Ayeyarwaddy_Times