ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီကျေးရွာဒေသခံ လူငယ်အမျိုးသားနှစ်ဦးကို PDF သင်တန်းဆင်းဟု အကြောင်းပြ၍ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် အချိန်တစ်နှစ်ခွဲကြာ အလုပ်လုပ်ကိုင်၍ နေအိမ်သို့ပြန်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် ဒေသခံလူငယ် အမျိုးသား နှစ်ဦးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တော်လှန်ရေးသင်တန်းဆင်းဟု မြို့နယ်ရဲစခန်းထံ တိုင်ကြားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့က လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။

” သူတို့က ကျုံဒိုးမှာ အလုပ်သွားလုပ်နေတာ တစ်နှစ်ခွဲကြာပြီ။အဲတာကိုPDF သင်တန်းဆင်းတွေဆိုပြီးတော့ လာဖမ်းသွားတယ်။အိမ်ကအကိုနဲ့အကို့သူငယ်ချင်းကိုပါအတူတူဖမ်းသွားတာ။အခုအထိဘယ်မှာဖမ်းထားလဲဆိုတာမသိရသေးဘူး” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများကို မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်ပြီး စစ်ကြောရေးလုပ်ဆောင်နေကြောင်း မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံက သိရသည်။

” မဲဇလီကျေးရွာက ကောင်လေးနှစ်ယောက် ရဲစခန်းကိုရောက်နေတယ်။ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ပြီးစစ်ကြောရေးလုပ်နေတယ်” ဟု မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ကဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ပထမအပတ်ကစ၍ ညစဉ်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ကင်းလှည့်စစ်ဆေးသည့်အပြင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံလူငယ်၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

#မော်လမြိုင်ကျွန်း #မဲဇလီကျေးရွာဒေသခံ #အမျိုးသားနှစ်ဦး #PDFသင်တန်းဆင်းဟုဆိုကာဖမ်းဆီး #Ayeyarwaddy_Times