ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁၅ ရက်)

တော်လှန်ရေးကာလမှာ ပြည်သူတွေ နေထိုင်စားသောက်ဖို့အပြင် အရာရာကို ခက်ခဲမှုများစွာနဲ့ ရင်ဆိုင်ဖြတ်သန်း နေရမယ်ဆိုတာ မလွဲမသွေပါပဲ။ ဒါကြောင့် သားဆက်ခြားနည်းကို စနစ်တကျသိထားပြီး မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေးကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

သန္ဓေတားနည်းလမ်းတွေထဲမှာ ကွန်ဒုံး ၊ အရေးပေါ်သန္ဓေတားဆေး ၊ နေ့စဉ်သောက် သန္ဓေတားဆေး ၊ သုံးလခံထိုးဆေး ၊ သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်း ၊ လက်မောင်း တွင်းမြှုပ်သန္ဓေတားပစ္စည်းဆိုပြီး ရွေးချယ်စရာများ‌ပါတယ်။ အဲ့ဒီ သန္ဓေတား ပစ္စည်းတွေဟာ ကောင်းမွန်တဲ့အားသာချက် ကိုယ်စီရှိကြပေမယ့် ကိုယ်နဲ့အဆင်ပြေဆုံး သန္ဓေတားနည်းလမ်းကို ရွေးချယ်လို့ ရပါတယ်။

နိုင်ငံ‌ရဲ့ စစ်ရေးပဋိပက္ခတွေနှင့် ရှင်သန်ရမယ့်ယခုလိုအချိန်တွေမှာ ကလေးယူရင် ကြုံတွေ ရမယ့်အခက်အခဲတွေဟာ သိပ်ကိုကြီးမားပါတယ်။ ဒါကြောင့် မလိုအပ်သေးချိန်မှာ ကိုယ်ဝန်ရလာမှာ ကိုယ်ဝန်မဆောင်ချင်ကြ‌သေးတဲ့ စုံတွဲတွေအတွက် နေ့စဉ် သောက်တားဆေး နည်းလမ်း လေးကို မျှဝေပေးပါမယ်။

#နေ့စဉ်သောက်သန္ဓေတားဆေး(COC pill , combined contraceptive pill)

ဟော်မုန်းနှစ်မျိုးနဲ့ အထက်ပါဝင်တဲ့အတွက် သ‌န္ဓေတားအာနိသင်ကောင်းပါတယ်။ သားဥအိမ်က သားဥကြွေခြင်းကို တားဆီးပေးပါတယ်။ သားအိမ်ခေါင်းအ‌ချွဲထူထူ ထုတ်စေတာကြောင့် လိင်ဆက်ဆံအပြီး သားအိမ်အတွင်းကို သုက်ကောင် ဖြတ်သန်း ဝင်‌ရောက်ခြင်းကို ခက်ခဲစေပါတယ်။ သားဥကြွေခဲ့ရင်တောင် သန္ဓေအောင်စေဖို့ကို ပုံမှန်အခြေအနေထက် ပိုခက်ခဲစေပါတယ်။

အကယ်၍ သန္ဓေအောင်မျိုးဥလေးဖြစ်ခဲ့ရင်တောင် သားအိမ်အတွင်း သားအိမ်နံရံထူမှာ ကပ်တွယ်ပေးရမယ့် သန္ဓေတည်အဆင့်မှာ တားဆေးကြောင့် သားအိမ်နံရံမထူအောင် ပြင်ဆင်ထားတဲ့အတွက်လည်း သန္ဓေတည်ဖို့ ခက်ခဲစေပါတယ်။ သည်လို သ‌န္ဓေတား အာနိသင်ကောင်းလို့လည်း လူသုံးများကြတာဖြစ်ပါတယ်။

နေ့စဉ်သောက် သန္ဓေတားဆေးက လွယ်လင့်တကူရရှိနိုင်ပါတယ်။ ဆေးဆိုင် ဆေးရုံ ဆေးပေးခန်းများမှာပါ အလွယ်တကူဖြန့်ဝေထားပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဆေးသောက်ရလွယ်ကူပါတယ်။ ဆေးကတ်ရဲ့နောက်ကျောမှာ ရှိတဲ့ ဆေးသောက်နည်းလမ်းညွန် မြှားလေးရဲ့ လားရာအတိုင်း သောက်ရပါတယ်။ နေ့စဉ် တစ်လုံးသာ သောက်ပေးဖို့လိုပါတယ်။ အခြားနည်းလမ်းတွေထက် ဈေးပို သက်သာ ပါတယ်။

နေ့စဉ်သောက် သန္ဓေတားဆေးကတ်ကို ရာသီပေါပြီးစအချိန်မှာ စသောက်တာက အ‌ကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ရဖို့အတွက် ခုနှစ်ရက် အချိန်လိုတာကြောင့် ‌ဆေးစသောက်တဲ့တစ်ပတ်မှာ ကွန်ဒုံးကိုပါ ယှဉ်တွဲ သုံးပေးရပါမယ်။ ဆေးသောက်ပြီး တစ်ပတ်အတွင်း ဆေးအာနိသင်ရပြီး ဆေးဖြတ် လိုက်တာနဲ့ ချက်ချင်း ကလေး ပြန်ရ နိုင်ခြေရှိပါတယ်။

သူ့မှာ အခြားကောင်းကျိုးတွေလည်း ရှိပါတယ်။ ဓမ္မတာမှန်စေပါတယ်။‌ ဓမ္မတာပမာဏ ထိန်းလျော့စေပါတယ်။ ရာသီလာ‌နေစဉ်နာကျင်ကိုက်ခဲခြင်းတွေ လျော့စေပါတယ်။ လိင်ဆက်ဆံခြင်းအပေါ် ထူးခြားတဲ့သက်ရောက်မှု အနှောက်အယှက်မရှိပါဘူး။ ဆေးပုံမှန် သုံးသူတွေမှာ သားဥအိမ်၊ သားအိမ်အူမကြီးကင်ဆာတွေ ဖြစ်နိုင်ချေ လျော့နည်းတယ် ဆိုကြပါတယ်။ ဓမ္မတာလာခါနီးဖြစ်တတ်တဲ့ PMS (premenstrual syndrome) အခြေအနေကို တည်ငြိမ်စေပါတယ်။ တစ်ခါတစ်လေမှာ ဝက်ခြံတွေကို ငြိမ်စေ ပါတယ်။ မိန်းမဟော်မုန်းကို သောက်သုံးတာကြောင့် ပိုပြီးလှလာ စေတယ်ဆိုပြီး ပြောကြပါတယ်။ အရေပြားကို ချောမွေ့စေနိုင်ပါတယ်။

တားဆေးတွေသောက်လို့ ဝလာတယ် ဆိုတာတော့မဟုတ်ပါဘူး။ တားဆေးတွေက ခန္ဓာကိုယ်အလေးချိန်ပေါ်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကြီးကြီးမားမားမရှိစေပါဘူး။ ပုံမှန် ကျန်မာရေးလိုက်စားသူတွေမှာ ကိုယ်အလေးချိန်ထိန်းခြင်းနှင့် ပက်သက်ပြီး ဘာပြသနာမှရှိမှာ မဟုတ်ပါဘူး။ အဆီပိုမစုမိအောင် လေ့ကျင့်ခန်း‌တွေ ပုံမှန်လုပ်ပေးဖို့က တားဆေးသောက်သူတွေရော မသောက်သူတွေပါ လိုအပ်ပါတယ်။

#ဟော်မုန်းတားဆေးနှင့်မတည့်တဲ့အခါ

ဟော်မုန်းတားဆေးနှင့်မတည့်တဲ့အခါမှာ အင်ပြင်ထခြင်း၊ ခေါင်းကိုက်ခြင်း သွေးကြော ထုံးခြင်း၊ သွေးဆင်းများခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ ရင်ဘတ်စူးအောင့်ခြင်း၊ သွေးဆင်း ရက်ကြာခြင်းတွေ ကြုံရတတ်ပါတယ်။ ဆေးမတည့်တာ ရှားပါးပေမယ့်လည်း ဖြစ်လာပြီဆိုရင် ဆေးရပ်ပြီး ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးရပါမယ်။

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဆေးသောက်စဉ် သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ ဟော်မုန်း ပါတဲ့အတွက် တစ်ချို့မှာတော့ မူးတာ၊ ပျို့တာ၊ အန်တာ ဖြစ်တတ်ပါတယ်။ အရည် များများ သောက်ပေးတာ၊ လိုအပ်ရင် အအန်ပျောက်ဆေးသောက်တာတွေ လုပ်ပေး နိုင်ပါတယ်။ ဆေးစသောက်နေစဉ် ရင်သားတင်းတာ ‌ခေါင်းကိုက်တာတွေလည်း ဖြစ်တတ်ပါတယ်။ မိန်းမဟော်မုန်းတို့ရဲ့ထုံးစံအတိုင်း နှစ်ချီပြီး သုံးစွဲတဲ့အခါ သည်းခြေကျောက်တည်နိုင်ခြေတိုးပါတယ်။

#နေ့စဉ်သောက်သန္ဓေတားဆေးသောက်သုံးရန်မသင့်တော်သူများ

နေ့စဉ်သောက်သန္ဓေတားဆေး သောက်သုံးရန်မသင့်တော်သူများကတော့ နို့တိုက် မိခင် တွေ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူတွေ၊ နှလုံးသွေးကြောပိတ်ရောဂါရှိသူတွေ ၊ မိန်းမကိုယ်ကနေ အကြောင်းမသိဘဲ သွေးဆင်းနေသူတွေ ၊ ကျောက်ကပ်ရောဂါရှိသူ တွေ၊ လေဖြတ်ဖူးသူ‌တွေ၊ အသည်းရောဂါရှိသူတွေ ကတော့ COC pill‌ သောက်ဖို့ မသင့်ပါဘူး။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား‌နေတဲ့ အခုလိုအခြေအနေမှာ ကလေးယူဖို့ စဉ်းစား ထားကြသူ တွေမှာ ကိုယ်ဝန်ဆောင်စဉ်ကပင် စီးပွားရေး ကျန်းမာရေး နေထိုင်ရေး သက်ရောက်မှုတွေ ရှိနေတဲ့အပြင် ကလေးကို ပြုစုပျိုးထောင်ဖို့ အခြေအနေ‌တွေကိုပါ ကြိုတင်ပြင်ဆင်ရပါမယ်။ ဒါကြောင့် ကလေးယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို အချိန်ပေး ဆုံးဖြတ်သင့်ပါတယ်။

ဒါကြောင့် စစ်ရှောင်စခန်းတွေနဲ့ စစ်ဘေးဖြစ်ပွားနေတဲ့ဒေသတွေမှာ နေ့စဉ်သောက် သန္ဓေတား ဆေးနှင့် ကွန်ဒုံးတွေကို မဖြစ်မနေ ဖြန့်ဝေပေးဖို့ကို လိုအပ်ပါတယ်။

ဧရာဝတီတိုင်း(မ်)ပရိသတ်များလည်း သာယာချောမွေ့တဲ့ဘဝခရီး လမ်းကို ပိုင်ဆိုင် နိုင်ပါစေ။ ပဋိပက္ခတွေမှလွတ်မြောက်ပြီး ကျန်းမာတဲ့မိသားစုဘဝများ ရရှိကြပါစေ။ နောက်တစ်ပတ်မှာတော့ လက်သည်းတွေကပြောပြတဲ့ ကျန်းမာရေး အကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နေ့စဉ်သောက်ပဋိသန္ဓေတားဆေးအကြောင်း #သိကောင်းစရာ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)