
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊မြောင်းမြမြို့တွင် တစ်ပတ်အတွင်း လုံခြုံရေးအကြောင်းပြ၍ မြို့ပေါ်ရပ်ကွက်နေရာအနှံ့ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ခြေလျှင်ကင်းလှည့်မှု ၁၀ ကြိမ်ထက်မနည်းရှိလာကြောင်း မြို့ခံများထံက သိရသည်။
မြောင်းမြမြို့တွင်းရှိ ရပ်ကွက်နေရာအလိုက် စစ်ကောင်စီလက်အောက်ခံ ခလရ -၉၃ မှ စစ်ကောင်စီတပ်သားများ၊ ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)စသည်ဖြင့် အင်အား ၃၀ ကျော်မှ ပြီးခဲ့သည့်အောက်တိုဘာလ ပထမအပတ်ကစ၍ ခြေလျှင်ကင်းလှည့်မှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများကပြောသည်။
”အခုတလောစစ်တပ်နဲ့ ရဲတွေ ခြေလျှင်ပုံစံနဲ့ ညပိုင်းကင်းပတ်တာ တစ်ပတ်ကျော်ပြီ။ ဘာလို့လဲတော့ မသိဘူး။ ဧည့်စာရင်းတွေလည်း စစ်တာ အရင်ထက် ပိုများလာတယ်” ဟု အမှတ် (၁ )ရပ်ကွက်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခြေလျှင်ကင်းလှည့်ဆောင်ရွက်ရန်အတွက် ခရိုင်၊မြို့နယ်ထွေအုပ်နှင့် ခလရ -၉၃ မှ ပြီးခဲ့သည့်အောက်တိုဘာလ ၇ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကာ ဧည့်စာရင်းစစ်ဆေးမှုများကိုလည်း ယခင်ထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရန် လျို့ဝှက်ညွှန်ကြားထားကြောင်း ခလရ -၉၃နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရှိရသည်။
”ခလရ -၉၃ တပ်ရင်းမှူးက ခရိုင်၊မြို့နယ်ထွေအုပ်ရယ် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို လျို့ဝှက်အစည်းအဝေးလုပ်ပြီးတော့ အခုလိုခြေလျှင်ကင်းလှည့်ခိုင်းတာပေါ့။ အဓိက ခိုးဆိုးလုယက်တာလျော့ဖို့နဲ့PDF တွေ မြို့ထဲဝင်တာရှိမရှိ သိဖို့လှည့်ကင်းပတ်ခိုင်းတာပါမယ်။ ညတိုင်းကိုပုံမှန်လုပ်ဖို့ကိုရှိနေတာ။ အဲဒါက နတခ ကလည်း အမိန့်ပေးတာလည်း ပါတော့ မဖြစ်မနေလုပ်ရမဲ့သဘောဖြစ်နေတယ်” ဟု ခလရ-၉၃ နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
မြောင်းမြမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရပ်ကွက်နေရာ(၁၆)ခုကို အချိန်နှစ်ပတ်ကြာ လုံခြုံရေးအကြောင်းပြ၍ စစ်ကောင်စီတပ်၊ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ညစဥ်ဧည့်စာရင်းစစ်ဆေးမှု အကြိမ်၄၀နီးပါအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ညစဥ်ကင်းလှည့်ပတ်မှု ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့်သြဂုတ်လမှ စက်တင်ဘာလအထိ နှစ်လတာအတွင်း ခိုးဆိုးလုယက်မှုပေါင်း ၃၀ မှုထက်မနည်း ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းလည်း ဒေသခံများကပြောသည်။
#မြောင်းမြ #လုံခြုံရေးအကြောင်းပြ #စစ်ကောင်စီ #ကင်းလှည့်မှုများ #ဆက်တိုက်ပြုလုပ်နေ
#Ayeyarwaddy_Times