ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊အောက်တိုဘာလ ၁၅ ရက်

မြိတ်ခရိုင် ၊တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား သုံး ဦး သေးဆုံးသွားကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်အချိန်က တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ က အဲဒီဗောဓိကမ်းတံတားက စစ်ဆေးရေးဂိတ်ကို အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီ ဂိတ်က စစ်သားတွေက စစ်ဆေးတာ အရမ်းတင်းကြပ်တယ်။ စစ်ကောင်စီတပ်သားတွေလည်း ၁၀ ဦးလောက်အမြဲရှိတယ်။ ပူးပေါင်း အဖွဲ့တွေက နှစ်ဘက် ညှပ်ပြီး ပစ်ခတ်ခဲ့တာပါ။သူတို့ (စစ်ကောင်စီတပ်) ဖက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ် “ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုဟိန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ပွဲသည် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃ဝ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုပစ်ခတ်ခံရသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် တနင်္သာရီ မြို့နယ်မှ ကော့သောင်း၊ဘုတ်ပြင်း၊မောတောင် နှင့် မြိတ်မြို့တို့ကို သွားပါက မဖြစ်မနေ ဖြတ်သန်းသွားရသည့် နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ ၁ ၊၂ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် တောင်ပံနီ၊ တနင်္သာရီရိုးမ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။
#တနင်္သာရီမြို့ #စစ်ကောင်စီစစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရပြီး #စစ်သား၃ဦးသေဆုံး