ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ အောက်တိုဘာလ ၁၅ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(Hualngoram)မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ထန်တလန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်၏ ရဲဘော် ဆလိုင်းဟရမ်ကျဲအိုနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့((Hualngoram)၏ ရဲဘော် ဆလိုင်းခွာန်ကျဲအိုထန်းတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ချင်းအမျိုးသား တပ်မတော်မှ တပ်ကြပ်ကြီးဆလိုင်းလိန်းဟုန်ကျဆုံးသွားကြောင်း သိရသည်။

ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်‌ရေးတပ်ဖွဲ့((Hualngoram)တို့မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးမှု အပါအဝင် ထန်တလန်မြို့တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ချင်း အမျိုးသားတပ်တော်၊ ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။

ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ထန်တလန်မြို့၏ ၇၅ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ် စိုးမိုးထားပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန် ကြိုးစားနေသလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း မြို့ပေါ်တစ်ခုလုံးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထန်တလန်မြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးတို့ကြောင့် ချင်းအမျိုးသားတပ်မတော်နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ နီးပါး အထိ ကျဆုံးခဲ့ရပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက် အရ သိရသည်။

ပုံစာ- ထန်တလန်မြို့ တိုက်ပွဲတွင် ကျဆုံးခဲ့သည် CNAရဲဘော်လိုင်းဟရမ်ကျဲအိုနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ((Hualngoram)၏ ရဲဘော် ဆလိုင်းခွာန်ကျဲအိုထန်း

#ထန်တလန်မြို့တိုက်ပွဲ #ချင်းအမျိုးသားတပ်မတော် #ချင်းကာကွယ်ရေးတပ်ဖွဲ့ #တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး #Ayeyarwaddy_Times