
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင်အောက်တိုဘာလ ၁၂ ရက်နေ့ကစ၍ အရန်မီးသတ်နှင့် ပျုစောထီး(ပြည်သူ့စစ်)သင်တန်းဖွင့်လှစ်ရန်အကြောင်းပြကာ အသက်အရွယ်မပြည့်သည့် ကလေးသူငယ် (၃၀)ဦးထက်မနည်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူ၍ သင်တန်းတက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ပတ်ကြာ ပျူစောထီး(ပြည်သူ့စစ်)နှင့် အရန်မီးသတ် သင်တန်း ဖွင့်လှစ်ရန် အကြောင်းပြ၍ ကျေးရွာအတွင်းရှိ အသက်၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးသူငယ်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစာရင်းကောက်ခံခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
”အရန်မီးသတ်နဲ့ ပြည်သူ့စစ်သင်တန်းတက်ဖို့ အိမ်ကိုလာပြီး စာရင်းလာကောက်တာ။ အိမ်က သားငယ်ကိုစာရင်းယူသွားတယ်။ကလေးက သူတို့ဆီမှာ ကျောင်းမတက်ချင်လို့ အိမ်မှာနေတာ။အဲဒါကို မရဘူးသင်တန်းတက်ရမယ်ဆိုပြီး အတင်းစာရင်းယူသွားတယ်” ဟု သင်တန်းတက်ရောက်ရန် စာရင်းပေးခဲ့ရသူ၏ မိခင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါသင်တန်း သင်တန်းဖွင့်လှစ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၊ရပ်ကျေးကြံခိုင်ရေးပါတီဝင်အချို့နှင့် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များမှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များထံက သိရသည်။
” အဓိက ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က သင်တန်းဖွင့်ဖို့လုပ်တာ။ ပြည်သူ့စစ်နဲ့ အရန်မီးသတ်အဟောင်းတွေက သင်တန်းပေးမှာပေါ့။ကြံခိုင်ရေးပါတီဝင်တွေက စားဖို့သောက်ဖို့စီစဥ်ပေးမယ်ပေါ့နော်။ တကယ်ကတော့ ကလေးတွေကိုတမင်တကာဒုက္ခပေးတာ။ရွာမှာက သင်တန်းခေါ်ရင် ဘယ်သူမှမတက်ကြဘူး။အဲတော့တွေ့တဲ့သူ ကောက်ဆွဲပြီး သင်တန်းဖွင့်တဲ့သဘောပြောလို့ရတယ်”ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူညောင်တုန်းမြို့နယ်တွင် တပ်သားအင်အားစုဆောင်းရန် အကြောင်းပြကာ ပဲရုံဆိပ်၊တာကွေ့၊ နတ်ပေး၊ စားကျက်၊တူးချောင်း၊ဆားမလောက်နှင့်မဲဇလီ စသည့်ကျေးရွာများထံ အောက်တိုဘာလ ပထမအပတ်ကစ၍ ကျေးရွာတစ်ရွာလျှင် လူငယ် သုံး ဦးစီ နှင့်တစ်အိမ်လျှင် ငွေ နှစ်သောင်းကျပ် ပေးရန် တာကွေ့ကျေးရွာ အခြေစိုက်(၉၀၅) အင်ဂျင်နီယာတပ်က ဖိအားပေးစေခိုင်းမှုများ ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်မတ်လပိုင်းမှစပြီး ကျေးရွာအလိုက် လုံခြုံရေးအကြောင်းပြ၍ ကြံခိုင်ရေးပါတီဝင် လူငယ်အမျိုးသား(၂၀၀) ကျော်ထက်မနည်းကို စစ်ကောင်စီတပ်မှ အင်အားစုဆောင်းကာ နှစ်ပတ်ကြာ ပျူစောထီး(ပြည်သူ့စစ်)သင်တန်းဖွင့်လှစ်ခဲ့ပြီး လုံ ခြုံရေးလုပ်ငန်းများတွင် အသုံးပြုနေကြောင်း သိရသည်။
#ညောင်တုန်း #အသက်မပြည့်သေးသည့် #လူငယ် #အရန်မီးသတ် #ပျူစောထီးပြည်သူ့စစ်သင်တန်း #တက်ခိုင်း #Ayeyarwaddy_Times