နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်

စစ်ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များသည် တိုင်းပြည်ကို ပျက်စီးစေကာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားသည့် ဥပဒေ (IHL)ကို ချိုးဖောက် နေခြင်းဖြစ်သည့်အတွက် စစ်တပ်တွင် ပါဝင်နေကြသော အရာရှိများသည် စစ်ခေါင်း ဆောင်များ၏ အမိန့်ပေးမှုများကို အကောင်အထည်ဖော်ပေးခြင်း မပြုလုပ်ရန် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ(EROs) က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့် ချင်းအမျိုးသားတပ်ဦး(CNF) သုံးဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) နှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က NCA အသိသက်သေများနှင့် နိုင်ငံတကာ အသိုက်အဝန်းသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ယခုကဲ့သို့ တိုက်တွန်း ထားခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတရပ် လုံးနှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေပြီး ပြည်သူလူထု ဆင်းရဲဒုက္ခခံစားရမည့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမပြုဘဲ ၎င်းတို့၏ ဘုံနိုင်ငံရေးရည်မှန်းချက်နှင့် ရပ်တည်ချက်များ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီဆောင်ရွက်ကြရန် အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

“အထူးသဖြင့် ကျွန်တော်တို့ဘုံနိုင်ငံရေး ရည်မှန်းချက်တွေထဲမှာတော့ စစ်အာဏာရှင် စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဘယ်အာဏာရှင် စနစ်မဆိုပေါ့နော်။ အရပ်သားတွေ အာဏာရလာမယ် ဆိုရင်လည်း အာဏာရှင်ပုံစံ ပေါက်နေမယ်ဆိုရင် တိုက်ဖျက်ရမှာပဲ။ အဲဒါတင်မက ဒီနှစ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခက်အခဲ အကျပ်အတည်းတွေကို စစ်တပ်ကနေပြီးတော့ အုပ်စုတစ်စုနဲ့ အထူးသဖြင့် အခွင့်ထူးခံ လူအုပ်စုတစ်စုနဲ့ အပေးအယူလုပ်ပြီးတော့ အာဏာအလွှဲအပြောင်းလုပ်သွားတဲ့ဟာ အဲဒါမျိုးကိုလည်း ကျွန်တော်တို့ လက်မခံပါဘူးဆိုတာ ပြောချင်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် NCA ကို အခြေပြုကာ ဖိအားပေး ပြုလုပ်နေသည့် NCA ဟန်ပြ အကောင်အထည်ဖော်မှု ဆွေးနွေးပွဲများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရှိနေသယောင်ဖြင့် ပြုလုပ်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဟန်ပြလုပ်ရပ်များနှင့် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေပြု အတုအယောင် ရွေးကောက်ပွဲတို့သည် နိုင်ငံ၏ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း အဆိုပါ EROs သုံးဖွဲ့၏ တိုက်တွန်း ချက်တွင် ပါရှိသည်။

NCA လက်မှတ်ရေးထိုးခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ABSDF၊ CNF နှင့် KNU တို့သည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေး ရည်မှန်းချက်နှင့် ဘုံရပ်တည်ချက်များကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။

“နောက်ပြီး ကျွန်တော်ထပ်ပြီး ပြောချင်တာကတော့ ဒါတွေက ကျွန်တော်တို့ တစ်ယောက်၊ တစ်ဖွဲ့တည်း လုပ်တဲ့ဟာ မဟုတ်ပါဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ NUCC ရယ် NUG ရယ် ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်ကို ပြန်ပြီးတော့ကြည့်ပါ။ အဲဒါနဲ့ တစ်ထပ်တည်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အုပ်ချုပ်သူအပြောင်းအလဲကို လိုချင်တာမဟုတ်ဘူး။ စနစ်သစ်၊ ခေတ်သစ်နဲ့ စနစ်အပြောင်းအလဲ တစ်ခုလုံးကို လိုချင်လို့သာ ကျွန်တော်တို့ ဒီတော် လှန်ရေးတိုက်ပွဲကို ဆင်နွှဲရတာ ဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ ရှေ့ဆက် အကောင်အထည်ဖော်ရန် အစီအစဉ်တို့သည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ကူးပြောင်းရန်” ဆိုပြီး ထိန်းချုပ်လိုသော မြန်မာ့စစ်ခေါင်းဆောင်များအတွက် ခြောက်လှန့်မှုကို ဖြစ်စေခဲ့သည်။

စစ်ခေါင်းဆောင် ဦးဆောင်၍ တရားဝင် အစိုးရကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းနှင့် တရားဝင် လွှတ်တော်ခေါ်ယူရန် တားဆီးပိတ်ပင်ခြင်းတို့သည် ၎င်းတို့၏ အမှန်တကယ် စိတ်သဘောထား ရည်ရွယ်ချက်များကို ဖော်ပြစေကြောင်း EROs များက ထောက်ပြပြော ဆိုသည်။

“အဓိကကတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ သေချာပြောပါတယ်။ စစ်တပ်ရဲ့ ကျုးလွန်မှုတွေက လူမဆန်တဲ့ ကျူးလွန်မှုတွေဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ကျူးလွန်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကျူးလွန်ခံရတဲ့ လူထုတစ်ရပ်လုံးအတွက်ကို တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ကြဖို့။ ဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတကာရဲ့ အခန်းကဏ္ဍတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ကြဖို့ပါ။ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ ပေါင်းစုံလည်း လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ အဲဒီထဲမှာ တင်ပြ ထားပါတယ်ဗျ“ ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း အင်အားအသုံးပြု၍ ပြည်သူကို ပစ်မှတ်ထားကာ ထပ်တလဲလဲ တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေ၍ စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေသည်ဟု နိုင်ငံတကာအသိုင်းအဝန်းသို့ ပေးပို့သည့် EROs သုံးဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

စစ်ကောင်စီတပ်သည် နှစ်ပေါင်း ၇၀ ကျော်ကြာရှိနေသည့် ပြည်တွင်းစစ်ပေါ်တွင် အခြေခံ၍ ထိုပဋိပက္ခကို အကြောင်းပြုကာ စစ်အာဏာရှင်စနစ်နှင့် စစ်တပ်ကြီးစိုးရေး အတွေးအခေါ်၊ ဝါဒများ တည်ဆောက်နေပြီး အရပ်သားများအား ပစ်မှတ်ထားကာ လူမဆန်သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက ဆိုသည်။

“လိုင်ဇာအနီး ပတ်ဝန်းကျင်မှာ ဖြစ်သွားတဲ့ လုပ်ရပ်ဆိုရင် ဒါအဆိုးဆုံးနဲ့ အကြမ်းကြုတ်ဆုံး လုပ်ရပ်ဖြစ်တယ်။ လူမဆန်တဲ့ လုပ်ရပ်အဖြစ် အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်လာတဲ့ ကိစ္စရပ်က လုံးဝခွင့်လွှတ်စရာမကောင်းဘူး။ အဆုံးစွန်သော ရက်စက်ကြမ်းကြုတ်မှုနဲ့အတူ ဒီနေ့စစ်တပ်က ဒီလိုဆောင်ရွက်နေတာ တွေ့ရတော့ ကျွန်တော်တို့ပြောစရာ စကားလုံးတောင် ရှိမယ်မထင်ပါဘူး။ ဒါက စစ်တပ်ရဲ့ အခြေအနေပေါ့နော်” ဟု ရဲဘော် ဆန်နီက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန် မရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် ကရင်အမျိုးသားအစည်းအရုံ-KNU တို့သည် ဘုံနိုင်ငံရေး ရပ်တည်ချက်အဖြစ် ချမှတ်၍ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းအပြင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ် ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ စစ်တပ်အား ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံ အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန် အပါအဝင် စသည့် အချက်များကို အဆိုပါသုံးဖွဲ့မှ ဘုံနိုင်ငံရေး ရည်မှန်းချက်နှင့် ဘုံရပ်တည်ချက်များအဖြစ် ထုတ်ပြန်ဖော်ပြထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင်များ #တိုင်းပြည်ကိုပျက်စီး #အရာရှိများ #အမိန့်ပေးမှုလက်မခံရန် #EROsတိုက်တွန်း #Ayeyarwaddy_Times