နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး-ABSDF မှ ရဲဘော်မျိုးဝင်း နေပြည်တော်သို့ရောက်ရှိနေပြီး ထိုသို့ ရောက်ရှိနေမှုသည် ABSDF မှ တာဝန်ပေးထားခြင်း မဟုတ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် MICC-2 ၌ ကျင်းပရန် ပြင်ဆင်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ABSDF မှ ရဲဘော်မျိုးဝင်း၊ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအပြင် ALP ပါတီမှ ခိုင်စိုးနိုင်အောင်၊ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် LDU ဥက္ကဋ္ဌ ကျာဆော်လမွန်တို့သည် တာချီလိတ်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“ဘယ် ABSDF ရဲ့ မည်သည့်တပ်ဖွဲ့ဝင်ကိုမှ NCA (၈)နှစ်မြောက် အခမ်းအနားကို တက်ရောက်ဖို့ တာဝန်ပေးထားတာလည်း မရှိပါဘူး” ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ အဆိုပါနှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF က ယနေ့ အောက်တိုဘာ ၁၄ ရက်၊ ညပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ABSDF ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် တတ်ရောက် နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့် ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း ABSDF၊ ကရင်အမျိုးသားအစည်းအရုံ-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ဘုံနိုင်ငံရေး ရပ်တည်ချက်အဖြစ် ချမှတ်၍ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အဆိုပါအဖွဲ့သုံးဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့်ပတ်သက်၍ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ-EROs မှ NCA အသိသက်သေများနှင့် နိုင်ငံတကာအသိုက်အ၀န်းသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#NCAနှစ်ပတ်လည် #ရဲဘော်မျိုးဝင်း #တာဝန်ပေးထားခြင်းမရှိ #ရဲဘော်ဆန်နီ #Ayeyarwaddy_Times