
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ် းအနားသို့ တက်ရောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး( KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို ကရင်တိုင်းရင်းသား ခေါင်းဆောင်ဟု သုံးနှုန်းခေါ်ဝေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် သဘောမတူ ကြောင်း တုံ့ပြန်ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် MICC-2 ၌ ကျင်းပရန် ပြင်ဆင်နေပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် အပစ်ရပ် ၇ ဖွဲ့အပါအဝင် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမှုရှိသော လူပုဂ္ဂိုလ်အချို့လည်း တက်ရောက်ရန် ရောက်ရှိ နေကြောင်း သိရသည်။
“KNU ဥက္ကဋ္ဌဟောင်းဟာ လက်ရှိမှာ ဘာတာဝန်မှလည်း မရှိတော့ပါဘူး။ အဖွဲ့အစည်းနဲ့ လည်း လုံးဝမပတ်သက်တော့ပါဘူး။ အဲ့တာကြောင့်မို့ ကျွန်တော်တို့အနေနဲ့ကတော့ အသက်ကြီးတဲ့ လူကြီးတစ်ယောက်အနေနဲ့ လူမှုရေးအရ ရိုသေလေးစားသမှုပြုတယ်။ အဲဒါထက်တော့မပိုပါဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးသည် စစ်ကောင်စီက ပြုလုပ်မည့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေပြီး စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် NCA လက်မှတ်ရေးထိုးထားသော ကရင် တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဟု သုံးနှုန်းဖော်ပြထားသည်။
“စစ်ကောင်စီက ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးစွဲတာကတော့ ကျွန်တော်တို့ အနေနဲ့ကတော့ သဘောမတူနိုင်ပါဘူး။ လူထုတစ်ရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတာ အဖွဲ့အစည်းမှာ တာဝန်ရှိဖို့တော့ လိုပါတယ်။ ၂ နှစ်ကာလမှာ ကျွန်တော်တို့ အဖွဲ့ အစည်းထဲမှာလည်း ဘာတာဝန်မှ မရှိတော့ဘူး။ ဥက္ကဋ္ဌဟောင်း တစ်ယောက်အနေနဲ့ပဲ ကျွန်တော်တို့ အသိအမှတ်ပြုရပါမယ်” ဟု ပဒိုစောတောနီးက ဆိုသည်။
စစ်ကောင်စီ၏ NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ -PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ-ALP ပါတီမှ ဦးခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF မှ ရဲဘော်မျိုးဝင်းအပြင် ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ-RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး-LDU ဥက္ကဋ္ဌကျာဆော်လမွန်တို့သည် တာချီလိတ်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ NCA နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်မည့် EROs အပစ်ရပ် ၇ ဖွဲ့တွင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် RCSS အဖွဲ့တစ်ဖွဲ့သာလျှင် အင်အား အသင့် တင့်ရှိပြီး ကျန်အဖွဲ့အများသည် အင်အားနည်း အဖွဲ့များဖြစ်ပြီး NCA ကို ဆက်လက်ကိုင်စွဲထားကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #KNUဥက္ကဋ္ဌဟောင်းမူတူးစေးဖိုး #ကရင်တိုင်းရင်းသားခေါင်းဆောင် #သုံးနှုန်းခေါ်ဝေါ် #ပဒိုစောတောနီး #သဘောမတူ #Ayeyarwaddy_Times