
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
ဂါဇာဒေသမှာ အစ္စရေးနိုင်ငံရဲ့ မြေပြင်ထိုးစစ်ဆင်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နိုင်ပြီး လုံးဝ လက်သင့်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
အစ္စလာမ္မစစ် စစ်သွေးကြွအဖွဲ့ ဟားမာစ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ၂၄ နာရီအတွင်း ဂါဇာဒေသနေ ပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းကြဖို့ အစ္စရေးနိုင်ငံက တောင်းဆိုပြီးနောက် ပူတင်က အခုလို ပြောကြားခဲ့တာ ပါ။
လူနေဧရိယာတွေမှာ လက်နက်ကြီး အသုံးပြုတိုက်ခိုက်တာ ဝရုန်းသုန်းကားနိုင်ပြီး နှစ်ဖက်စလုံးအတွက် အကျိုးဆက်များတယ်လို့ ယူကရိန်းစစ်ပွဲမှာ အကျအဆုံးများပြီး လ ၂၀ နီးပါးကြာ စစ်ပွဲအတွင်း အရပ်သား ထောင် ချီသတ်ဖြတ်ခဲ့တဲ့ ရုရှားစစ်တပ်ရဲ့ ပဲ့ကိုင်ရှင် ပူတင်က ဆိုပါတယ်။
“အရေးကြီးဆုံးက အရပ်သားတွေ ထိခိုက်သေဆုံးတာ လုံးဝ လက်သင့်ခံဖွယ်ရာ မရှိပါဘူး။ အဓိက အ ချက်က သွေးထွက်သံယိုမှုကို ရပ်တန့်ဖို့ဖြစ်ပါတယ်” လို့ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း အခြားတိုင်းပြည်တွေ နဲ့အတူ ကာဂျစ္စတန်နိုင်ငံမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သူက ပြောပါတယ်။
မကြုံစဖူး တိုက်ခိုက်ခံခဲ့ရတဲ့ အစ္စရေးနိုင်ငံက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပူတင်က ဆိုပါ တယ်။ စောလျင်စွာ အပစ်အခတ်ရပ်စဲဖို့နဲ့ မြေပြင်မှာ အခြေအနေ တည်ငြိမ်ရေး စုပေါင်း အားထုတ်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။
“မိတ်ဖက်နိုင်ငံတွေအားလုံးနဲ့ အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရုရှားနိုင်ငံက အဆင်သင့် ရှိပါတယ်” လို့ သူက ဆိုပါတယ်။
ပူတင်က အမေရိကန်နိုင်ငံက ထပ်မံ ဝေဖန်ခဲ့ပြီး လက်ရှိ ဖြစ်ရပ်ဆိုးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်မူဝါအမှားရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ အစ္စရေးနဲ့သာမက ဟားမာစ်အဖွဲ့အပါအဝင် ပါလက်စတိုင်းနဲ့ ဆက်ဆံရေးရှိပေမယ့် ယူက ရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အစ္စရေးနဲ့ဆက်ဆံရေးဟာ အေးစက်သွားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Putin: Civilian toll from Israeli ground attack in Gaza would be unacceptable