
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့အနီး ကျေးရွာများ၌ တော်လှန်ရေးအင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ ပြီးခဲ့သည့်အောက်တိုဘာလ ပထမအပတ်ကစ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ဒေသခံလူငယ်များကို ညစဉ်ကင်းစောင့်ခိုင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
ကန်ကြီးထောင့်မြို့အနီး ပုသိမ်မြစ်ကမ်းတလျှောက်ရှိ ဗျိုက်စု၊ရွေးနှင့် မြကန်နီစသည့်ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများရောက်ရှိနေသည်ဟုဆိုကာ အောက်တိုဘာလပထမအပတ်ကစ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအတွင်းရှိ လူငယ်အမျိုးသားများကိုပျူစောထီး(ပြည်သူ့စစ်)အဖွဲ့နှင့် ပူးပေါင်းခိုင်းကာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ညစဉ်ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။
”ရွာထဲကလူငယ်တွေကို ပြည်သူ့စစ်နဲ့ပူးပေါင်းခိုင်းပြီး ညတိုင်းကင်းစောင့်ခိုင်းတာတပတ်လောက်ရှိနေပြီ။ ကောင်လေးတွေကသင်တန်းတက်ဖူးတာမဟုတ်ဘူး။ ရွာကအုပ်ချုပ်ရေးမှူးတွေက စောင့်ခိုင်းတာပေါ့။ကင်းမစောင့်ရင်လည်းဒဏ်ငွေရိုက်ခံရမှာ။အဲတော့မဖြစ်မနေကင်းစောင့်နေရတယ်”ဟု ဗျိုက်စုကျေးရွာဒေသခံတစ်ဦးကပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်ထွေအုပ်မှ အစည်းအဝေးခေါ်ယူပြီး စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရှိရသည်။
” စစ်တပ်အစား ပြည်သူ့စစ်နဲ့ ဒေသခံလူငယ်တွေကို ပေါင်းခိုင်းပြီးတော့ ညပိုင်းကင်းလှည့်ခိုင်းနေတာ။ လှည့်ကင်းလှည့်တဲ့သူတွေက လုပ်ချင်တာမဟုတ်ဘူး။မြို့နယ်ထွေအုပ်ကအတင်းခိုင်းတော့ မဖြစ်မနေလုပ်ပေးနေရတယ်”ဟု မြကန်နီ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ထို့အပြင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လူငယ်အမျိုးသားများကို ရပ်ရွာကာကွယ်ရေး
အကြောင်းပြကာ ပျူစောထီး (ပြည်သူ့စစ်) စစ်သင်တန်း တက်ရောက်ရန်နှင့် မသင်္ကာဖွယ်တွေ့ရှိပါက စစ်ကောင်စီတပ်ထံ အကြောင်းကြားရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြို့တွင်းရပ်ကွက်နှင့် ကျေးရွာအလိုက် ပျုစောထီး(ပြည်သူ့စစ်)သင်တန်းတက်ရောက်ရန် လူငယ်အမျိုးသား ၅၀ ဦးထက်မနည်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ယူခဲ့သည်။
#ကန်ကြီးထောင့်မြို့နယ် #ရပ်ကျေးအုပ်ချုပ်ရေအဖွဲ့ #လူငယ်များကို #ညကင်းစောင့်ခိုင်း
#Ayeyarwaddy_Times