ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ အောက်တိုဘာလ ၁၄ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝင်းကြီးရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် အ.ထ.က(ခွဲ) ဝင်းကြီးမှ ကလေးငယ် ကျောင်းသူ လေးဦး ထိမှန်၍ ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခလရ-၉၇ တပ်ရင်းမှ ရမ်းသန်း၍ အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် အ.ထ.က(ခွဲ) ဝင်းကြီးကျောင်းမှ ကလေးငယ်များ ကိုထိမှန်ခဲ့ပြီး လေးတန်းကျောင်းသူတစ်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ရကာ ကျောင်းသူ သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောင်းဆင်းချိန်မှာ လက်နက်ကြီးကျပြီး ကလေးတွေကိုထိတာပါ။ လက်နက်ကြီး ကနေ့တိုင်းပစ်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်နေ ည ၁၀ နာရီလောက်ထိကို ကော့ကရိတ်မြို့ အပြင်ဘက်ရှိ ရွာတွေကို ၁၂၀-မမ နဲ့ လိုက်ထုပါတယ်။ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁၂) နဲ့ ခရလ (၉၇) ခြေလျင်တပ်ရင်းကနေ ကနေပစ်တာပါ” ဟု Justice Soldier PDF ဒု-တာဝန်ခံ စောဂျက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောင်းသူလေးများ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးထိခိုက်မှုကို စစ်ကောင်စီ လက်‌အောက်ခံ သတင်းဌာနများနှင့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် KKO (ခွဲထွက်) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ရေသားဖော်ပြမှုများ ရှိခဲ့သည်။

“ကျွန်တော်တို့က ၆၀-မမ မသုံးပါဘူး။ ၁၂၀-မမ လည်း မရှိပါဘူး။ သူတို့(စစ်ကောင်စီ)ပဲ ရှိပါတယ်။ ကျွန်တော်တို့က မြို့ထဲကိုလည်း မပစ်သလို ပစ်စရာအကြောင်းလည်း မရှိပါဘူး။ နောက် ခလရ-၉၇ တပ်ရင်း အနီးတဝိုက်မှာ ဒရုန်း Jammer လည်းရှိတယ်။ ကျွန်တော်တို့ ဒရုန်း လည်း တက်လို့မရပါဘူး။ ဘယ်သူလုပ်သလဲဆိုတာ အရှင်းကြီးပါ” ဟု ဒု-တာဝန်ခံ စောဂျက်က ဆက်လက်ပြောကြားသည်။

ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကလည်း ခလရ-၉၇ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အံဖကြီးကျေးရွာရှိ အမျိုးသမီး တစ်ဦးဒဏ်ရာရကာ နေအိမ် သုံး လုံးပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသား အစည်းအရုံးထံက သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်
#ကော့ကရိတ် #ခလရ၉၇ #စကခ၁၂ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #ကျောင်းသူသေဆုံး #Ayeyarwaddy_Times