
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်
ပွင့်လင်းရာသီသို့ ရောက်ရှိလာချိန်တွင် အင်းလေး ဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာမည့်သူများအနေဖြင့် စစ်အုပ်စုနှင့်ပတ်သက်သော ဟိုတယ်များတွင် တည်းခိုခြင်းမပြုရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားပြီး အင်းလေး ဖောင်တော်ဦးဘုရားပွဲ လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဒေသ ၂၁ ဌာနတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော် မြတ်လေးဆူ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို အောက်တိုဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
” အခုလို ကမ်ပိန်းလုပ်နေတဲ့အချိန်မှာပဲ အင်းလေးအရှေ့ဘက်ခြမ်း ဟိုတယ်ဇုန်နားက Inle Garden ဟိုတယ် ကနေ ဧည့်သည် တစ်ရာကျော် Amata Garden Hotel ကိုပြောင်းရွေ့သွားတယ်လို့သိရတယ်။ အခုလိုပြောင်းရွှေ့ သွားတာက ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ မပတ်သက်ချင်ဘူးတဲ့သဘောပဲ ” ဟု အင်းလေးလူထုလှုပ်ရှားမှုကမ်ပိန်းအဖွဲ့မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း ခရီးသွားမည့်သူများအနေဖြင့် စစ်အုပ် နှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် CB ဘဏ် ဥက္ကဌ ဦးခင်မောင်အေးပိုင် KMA Inlae ဟိုတယ်၊ ဦးအောင်မျိုးမင်းထင်ပိုင် Amazing Inlay Resort များအပါအဝင် ဟိုတယ် ၁၉ ခုတွင်တည်းခိုခြင်းမပြုရန် အင်းလေးလူထုလှုပ်ရှားမှု ကမ်ပိန်းအဖွဲ့က ပြောကြားသည်။
“ဒီမှာ(အင်းလေး)ရှိတဲ့ဟိုတယ်အများစုက စစ်တပ်နဲ့ဆက်နွယ်သူတွေပဲ လုပ်ကိုင်ခွင့်ရတာ များပါတယ်။ တချို့ ဟိုတယ်တွေကို အင်းထဲမှာ ဆောက်နေတာသိတောင်မသိဘူး။ ဆောက်ပြီးမှ သိတယ်။ ဒေသခံပိုင်တာတွေ တချို့ရှိပေမဲ့ မလုပ်တတ်တော့ နိုင်ငံခြားသား တွေငှားထားတာရှိတယ် ” ဟု အင်းလေးဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်အင်းလေးဖောင်တော်ဦးဘုရား လှည့်လည်ရောက်ရှိမည့် ရွာများကိုပွဲ ဖြစ်မြောက် ရေးအတွက် တစ်ရွာကို ကျပ် ၂၁ သိန်းထောက်ပံ့ကြောင်း အင်းလေးလူထု လှုပ်ရှားမှု ကမ်းပိန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အခုခရီးသွားနေ ပျော်နေပါးနေတဲ့သူတွေက မြို့ပြကသူတွေများတယ်။ သူတို့ ပိုက်ဆံ ရှိလို့ ခရီးသွားတာ အပြစ်မပြောလိုပေမယ့် လူသားချင်းစာနာတဲ့ အနေနဲ့ စစ်အုပ်စုက သူတွေ ဦးဆောင်ပြီးလုပ်တဲ့ ပွဲတွေမှာ မပါဝင်ဖို့ မသွားဖို့ပြောချင်ပါတယ်။ ပိုက်ဆံရှိတယ် ဆိုလည်း မစားနိုင်မသောက်နိုင်တဲ့သူတွေကိုကူညီစေချင်တယ် ” အင်းလေးလူထု လှုပ်ရှား မှုကမ်ပိန်းအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
တိုက်တွန်းထားပြီး အင်းလေး ဖောင်တော်ဦးဘုရားပွဲ နောက်ဆုံးနေ့ နိုဝင်ဘာ ၁ ရက်နေ့ ဖောင်တော်ဦးဘုရားများ ရတနာစံကျောင်းတော်သို့ ပြန်လည်ကိန်းဝပ်စံပယ် ပူဇော် ခံချိန်တွင် အင်းသားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက် လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲနှင့် အမျိုးသားတစ်ဦးချင်း လှေပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အင်းလေးလူထု လှုပ်ရှား မှုကမ်ပိန်းအဖွဲ့သည် အင်းလေးဒေသတွင် စစ်တပ် အသိုင်းအဝိုင်း နှင့် စစ်တပ်ထောက်ခံသူများ ပိုင်ဆိုင်သော ဟိုတယ် ၁၉ ခုရှိကြောင်း ထုတ်ပြန်ကာ အမည်စာရင်းနှင့်တကွ ဖော်ပြထားသည်။
အဆိုပါ သပိတ်အင်အားစု အဖွဲ့ဖော်ပြထားသော ဟိုတယ်များမှာ (၁) Ann Heritage Lodge (၂) Pristine Lotus Resort Inle (၃) Royal Luxury Hotel Nyaung Shwe (၄) Myanmar Treasure Resort(Inle Lake) (၅) Inle Garden Hotel – Inle Lake (၆)Golden Island Cottages – Nampan Hotel (၇) Golden Island Cottages – Thale U Hotel (၈) 81 Hotel Inle (၉) Myat Mingalar Hotel – Inle (၁၀) Ananta Inle (၁၁) Paramount Inle Resort (၁၂) Hotel Amazing Nyaung Shwe (၁၃) KMA Inle Hotel (၁၄) Mount Inle Hotel & Resorts (၁၅) Royal Nyaung Shwe Hotel (၁၆) Aureum Palace Hotel and Resort (၁၇) Amazing Inlay Resort (၁၈) Shwe Inn Tha Floating Resort (၁၉) The Serenity Inle Resort တို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်အုပ်စုနှင့်ပတ်သက်သည့်ဟိုတယ်များ #တည်းခိုခြင်းမပြု #boycoutt #အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ #Ayeyarwaddy_Times