
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
အာဏာသိမ်းစစ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသားများ ပြည်ပထွက်ခွာမှု များပြားလာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပတ်စပို့စ် ထုတ်ပေးသည့် ဌာနတွင် အွန်လိုင်းစနှစ်ဖြင့် လုပ်ခြင်းမျိုး မရှိတော့ပဲ ပွဲစားများမှတဆင့် စျေးကြီးပေးလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း အလုပ်အကိုင်ရှားပါးလာသည့်အတွက် လူငယ်အများစုသည် ထိုင်း ၊စင်္ကာပူ၊ဂျပန်၊ မလေးရှာ နှင့် အိုမန် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများပြားလာခဲ့ပြီး ပတ်စ်ပို့စ် ရုံးများတွင် အမြန်ရရေးအတွက် ပွဲစားများထံ ကျပ်ခြောက်သိန်းခွဲပေးကာ လုပ်ဆောင်နေရကြောင်း သိရသည်။
“အရင်ကတော့ ဒီတိုင်း ဖုန်းထဲနေ QR ကုဒ်တင်ကြတယ်။ ပြီးမှသွားလုပ်ကြတာ။ အကုန်အပြီးဆိုရင် ၃၆၀၀၀ ကျပ်ပဲကုန်တယ်။ အခုနောက်ပိုင်းကျတော့ ပြည်ပထွက်ခွာ အလုပ်လုပ်သူ အရမ်းများလာတဲ့အတွက် အေးဂျင့်တွေကနေ တဆင့် လုပ်ကြတော့ အမြန်ရရေးအတွက် ပွဲစားတွေနဲ့ လုပ်ကြတယ်။ ပွဲစားတွေဆိုတာကလည်း ဝန်ထမ်းတွေနဲ့ ပေါင်းစားကြတာ။ အခုက အမြန်ကြေးဆိုပြီး ခြောက်သိန်းခွဲလောက်အထိ ပေးနေကြရတယ်။ အချိန်ကတော့ ၁၅ရက်ပဲ ကြာတယ် ” ဟု ပတ်စပို့စ် ပွဲစားလောကနှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်ပထွက်ခွာ အလုပ်လုပ်ရန်အတွက် ပတ်စပို့စ်များအား ပွဲစားများကတဆင့် စျေးကြီးပေး လုပ်ဆောင်နေရသောကြောင့် ငွေကြေးမတတ်နိုင်သူများအနေဖြင့် အခက်ခဲများကြုံတွေနေရကြောင်း ပြည်ပထွက်ကာ အလုပ်လုပ်ရန် ပြင်ဆင်နေသူများထံမှ သိရသည်။
“နိုင်ငံခြားထွက်အလုပ်လုပ်ကြတာလည်း ကိုယ့်ပြည်တွင်းမှာ အဆင်မပြေလို့ လုပ်နေကြရတာပါ။ ဘွဲ့ရလည်း ဒီမှာက ဘာအလုပ်မှမရှိဘူး။ ငွေပုံပြီးမသွားနိုင်တော့ အေဂျင့်ကို ခြောက်လအလုပ်လုပ်ပြီးဆပ်ရတယ်။ ပတ်စပို့စ် လုပ်တာက အိမ်ကပေးရတယ်။ တစ်ယောက်ကို ခြောက်သိန်းခွဲပေးရတယ်။ အချို့လည်း ထိုင်းသွားဖို့ စာအုပ်လုပ်နေတာ ခုထိ QR မရသေးဘူးလို့ပြောတဘ်။ ပွဲစားကတဆင့် ပိုက်ဆံပေးလုပ်မှ မြန်မြန်ရမယ်။ ပိုက်ဆံမပေးပဲဆိုရင်တော့ ရဖို့မလွယ်ဘူး “ဟု ပုသိမ်မြို့ခံ အမျိုးသမီးတစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်းမှ ပြည်ပထွက်ခွာ အလုပ်လုပ်သူဦးရေ မှာ တစ်လ လျှင် ၃၀၀ ကျော် အထိရှိနေပြီး တရားဝင်သွားသူများရှိသလို တရားမဝင် သွားရောက် လုပ်ကိုင်နေကြရသူများလည်း ရှိကြောင်း သိရသည်။
#နိုင်ငံခြားထွက်သူများ #ပုသိမ် #ပတ်စပို့စ်ရုံးတွင် #အမြန်ကြေးအဖြစ် #ကျပ်ခြောက်သိန်းခွဲပေးရ
#Ayeyarwaddy_Times