ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်

ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲအနီးရှိ ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟုဆိုကာ ယမန်နေ့(အောက်တိုဘာ ၁၂) ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၄၀ ခန့်က စစ်ကြောင်းထိုး ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ငွေဆောင်မြို့နယ်ခွဲရှိ ဆင်မနှင့်ရွာသာယာစသည့်ကျေးရွာအနီးသို့ ယမန်နေ့ နံနက် ၈နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား၄၀ ဝန်းကျင်ရောက်ရှိလာခဲ့ကာ တော်လှန်ရေးအင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ စစ်ကြောင်းထိုးမှုပြုလုပ်ခဲ့ပြီး ဒေသခံများကို ဧည့်စာရင်းစစ်ဆေးခြင်းနှင့် မေးမြန်းမှုများ ပြုလုပ်သွားခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။
” မနက်၈နာရီလောက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ရောက်လာပြီးတော့ ရွာအနီးကို စစ်ကြောင်းထိုးသွားတယ်။ အယောက်၄၀ ဝန်းကျင်ရှိတယ်ဗျ။ ရွာကပြည်သူ့စစ်သင်တန်းဆင်းတွေပါ တွေ့ရတယ်။ ရွာထဲကိုတော့ ဧည့်စာရင်းစစ်တာနဲ့PDF တွေရှိမရှိ မေးမြန်းခံလိုက်ရတယ်”ဟု ရွာသာယာကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ကွမ်းစမ်းကျေးရွာအတွင်းသို့လည်း စစ်ကောင်စီတပ်နှင့်ပျူစောထီး(ပြည်သူ့စစ်)အင်အား ၄၀ ဦးဝန်းကျင်ခန့်သည် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဧည့်စာရင်းစစ်ဆေးခဲ့ကာ ရွာအနီးရှိ တောအတွင်းသို့နံနက် ၁၀နာရီ မှညနေ ၅နာရီခွဲ အချိန်အထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

” ရွာအနားမှာ PDF တွေရှိနေတယ် သတင်းလွှင့်ပြီး စစ်တပ်နဲ့ပျူစောထီး(ပြည်သူ့စစ်)တွေဝင်လာတာ။ ရွာထဲကို တစ်အိမ်ဝင်တစ်အိမ်ထွက်ပုံစံ နဲ့ ဧည့်စာရင်းစစ်သွားတယ်။ ရွာအနားကတောထဲကို မနက်ထဲက စစ်ကြောင်းထိုးတာ ညနေကျမှပြန်ထွက်လာတယ်။ ပြီးတော့ပုသိမ်ဘက်ကိုပြန်ထွက်သွားတယ်” ဟု ကွမ်းစမ်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ပထမပတ်ကလည်း ငရုပ်ကောင်းမြို့နယ်နှင့် ငွေဆောင်မြို့နယ်ခွဲအနီး ကျေးရွာများ၌ တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုအကြိမ် ၂၀ နီးပါး ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင်ငရုပ်ကောင်းမြို့နှင့် ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများအနီးသို့ ပြီးခဲ့သည့် ဇူလိုင်လ၊သြဂုတ်လနှင့်စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုအကြိမ် ၁၀၀ ကျော်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ငွေဆောင်မြို့ #ကျေးရွာများ #PDFများခိုအောင်း #စစ်ကောင်စီတပ် #ပျူစောထီး(ပြည်သူ့စစ်) #စစ်ကြောင်းထိုး #Ayeyarwaddy_Times