နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးနေသည့် အပစ်ရပ် ၇ ဖွဲ့က တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါNCA (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအခမ်းအနားနှင့် ပူးတွဲ၍ ဆက်စပ်ဆွေးနွေးပွဲများလည်း ကျင်းပသွားရန်ရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“NCA-S EAO ၇ ဖွဲ့ဆိုတာကလည်း ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လက်ရှိ SAC (စစ်ကောင်စီ)နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့ ၇ ဖွဲ့ကို ပြောတာဖြစ်ပါတယ်။ အဲဒီ ၇ ဖွဲ့က တက်ဖို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်း အဲလိုမျိုးပဲ Confirm ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အခမ်းအနားကို တက်ရောက်မည့် အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်- DKBA၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ-ALP၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ -PNLO၊ မွန်ပြည်သစ်ပါတီ-NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး-LDU တို့ဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့များအနက် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS အဖွဲ့တစ်ဖွဲ့သာလျှင် အင်အားအသင့်တင့်ရှိပြီး ကျန်အဖွဲ့အများသည် အင်အားနည်း အဖွဲ့များဖြစ်သလို စစ်ကောင်စီနှင့် မကြာခဏ တွေ့ဆုံဆွေးနွေး၍ NCA ကိုလည်း ဆက်လက်ကိုင်စွဲထားသည့်အဖွဲ့များ ဖြစ်သည်။

အလားတူ နေပြည်တော်ကို လာရောက်၍ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိသော ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့သည်လည်းNCA (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် KNU ဥက္ကဌ ဟောင်း မူးတူးစေးဖိုးလည်း တက်ရန်ရန်ရှိကြောင်း သိရသည်။

“အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီသော်လည်းကောင်း၊NCA လက်မှတ်ရေးထိုးထားတဲ့ လူပုဂ္ဂိုလ်သော်လည်းကောင်း သီးသန့်ဖိတ်တယ်။

တစ်ဆက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးတုန်းက အသိသက်သေအနေနဲ့ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေကိုလည်း ဖိိတ်ကြားတယ်လို့တော့ ကျွန်တော်တို့ကြားတယ်” ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။

သို့သော် သီးသန့်ဖိတ်ကြားထားမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ တက်ရောက်မည်ဆိုခြင်းကို ၎င်းအနေဖြင့် တိတိကျကျ မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။

ယခင်ကNCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိတော့ပေ။

ထို့အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း KNU၊ CNF နှင့် ABSDF တို့က ဘုံနိုင်ငံရေး ရပ်တည်ချက်အဖြစ် ချမှတ်၍ ယမန်နေ့ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

နေပြည်တော်တွင် ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ရန် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ စဝ်ယွက်စစ် ၊ NCA စာချုပ် စတင်ချိန်က ပါဝင်လက်မှတ်ရေးထိုးထားခဲ့သည့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး ၊ ပအို့ဝ် (PNLO) ဦးဆောင်နာယက ခွန်ဥက္ကာ ၊ လားဟူ (LDU) ဥက္ကဌ ကျာဆော်လမွန် တို့ သည် အောက်တိုဘာလ ၁၃ ရက် နေ့က တာချီလိတ်လေဆိပ်မှ တဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#စစ်ကောင်စီပြုလုပ်မည့် #NCA၈နှစ်ပြည့် #အခမ်းအနား #အပစ်ရပ်၇ဖွဲ့တက်ရောက်မည်
#Ayeyarwaddy_Times