
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
ဧရာဝတီတိုင်း ကြံခင်းမြို့အနီးရှိ ရခိုင်ရိုးမပေါ်တွင် တော်လှန်ရေးအင်အားစုအဖွဲ့များနှင့် ဆက်စပ်သူများကို ဖမ်းဆီးရန် အကြောင်းပြ၍ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ စစ်ကြောင်းထိုးမှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစစ်ကြောင်းထိုးမှုများကို ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ စစ်ကြောင်းထိုးမှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။
”PDF အဖွဲ့နဲ့ ဆက်စပ်သူတွေရှိနေတယ်ဆိုပြီးတော့ ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးတာ။ အယောက်၃၀ လောက်ရှိတယ် ။ မနက်တောင်ပေါ်တက် ညပိုင်းပြန်ဆင်းပုံစံနဲ့ စစ်ကြောင်းထိုးတာ၁၅ ကြိမ်လောက်ရှိနေပြီ ”ဟု ရွာသစ်ကြီးကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကြံခင်းမြို့အဝင်အထွက်ရှိ အုတ်ပုံစစ်ဆေးရေးဂိတ်နှင့် ကြံခင်း-ပန်းတောင်း နယ်စပ်ရှိ ရေတွင်းလှ စစ်ဆေးရေးဂိတ်နေရာတွင်လည်း တော်လှန်ရေး အင်အားစုဖြင့် ဆက်စပ်သည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်မှ အင်အား ၁၅ ဦးခန့်ဖြင့် ဒေသခံလူငယ်အမျိုးသားများကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများကပြောသည်။
အလားတူကြံခင်းမြို့နယ် ပိုးစုကြီး ကျေးရွာအနီး တောင်ပေါ်သို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ငါး ရက်တာအတွင်း တော်လှန်ရေးအဖွဲ့များ ခိုအောင်းနေသည်ဟု အကြောင်းပြ၍ ခလရ (၅၁)မှ အင်အား ၄၀ နီးပါးဖြင့် စစ်ကြောင်းထိုးမှု ပြုလုပ်ခဲ့ပြီး ကျေးရွာဒေသခံများကို တောင်အောက်သို့ ဆင်းရန် အတင်းအကျပ် အမိန့်ပေးမှုကြောင့်စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ဇူလိုင်လအတွင်းကလည်း တော်လှန်ရေးအင်အားစုများ ရှိနေသည်ဟု အကြောင်းပြကာ ရိုးမပေါ်တွင် နေထိုင်သည့် ဒေသခံများကို အတင်းအကျပ် တောင်အောက်ဆင်းခိုင်းခြင်းနှင့် တောင်ပေါ်သို့ တက်၍ သစ်ခုတ်ယူခြင်းများ မပြုလုပ်ရန် အမိန့်ပေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
#ကြံခင်းမြို့ #ရိုးမပေါ်တွင်PDFများ #ဆက်စပ်သူများ #ဖမ်းဆီးရန်ဟုဆိုကာ #စစ်ကြောင်းထိုး #စစ်ဆေးမှုများပြုလုပ် #Ayeyarwaddy_Times