ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲမည်သည့် ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ကရင်အမျိုးသားအစည်းအရုံ (KNU) တို့က ဘုံ နိုင်ငံရေးရပ်တည်ချက်အဖြစ်ချမှတ်၍ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ(EROs) ဖြစ်ကြသည့် ABSDF ၊ CNF နှင့် KNU တို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် အဖွဲ့များဖြစ်ကြပြီး အာဏာသိမ်းစစ်ကောင်စီ၏ NCA အခြေပြု အတုအယောင်ဆွေးနွေးပွဲများနှင့် NCA (၈)နှစ်မြောက် အထိမ်းအမှတ် ကျင်းပခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ ဘုံသဘောထားများကို ပူးတွဲထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း အင်အားအသုံးပြု၍ ပြည်သူကိုပစ်မှတ်ထားကာ ထပ်တလဲလဲ တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်ပြီး NCA ပျက်ပြယ်မှုကို ပိုမို ခိုင်မာစေ၍ စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု အတုအယောင် ရွေးကောက်ပွဲသည် နိုင်ငံ၏ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေ၍ ပဋိပက္ခကို ရှည်လျားအောင် ပြု လုပ်နေခြင်းသာ ဖြစ်ပြီး ABSDF ၊ CNF နှင့် KNU တို့အနေဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေးရည်မှန်းချက်နှင့် ဘုံ ရပ်တည်ချက်များကို ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ စစ်တပ်အား ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှု အောက်၌ အပြည့်အဝ ထားရှိရန်၊ စစ်တပ်က ပြည်သူများအပေါ် ပြုလုပ်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့် ဆွေးနွေးပွဲမှ မပြုလုပ်ရန် ၊ စစ်အာဏာရှင်စနစ်မှ နောက်ပုံစံတစ်ခုဖြစ်သည့် အာဏာရှင် အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲခြင်းကိုပင်လက်ခံမည် မဟုတ်ကြောင်းနှင့် နိုင်ငံရေး အခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်မခံကြောင်း စသည့် အချက်များကို ABSDF ၊ CNF နှင့် KNU EROs သုံးဖွဲ့၏ ဘုံနိုင်ငံရေး ရည်မှန်းချက်နှင့် ဘုံ ရပ်တည်ချက်များအဖြစ် ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ-မောင်ကောင်း ဧရာဝတီတိုင်းမ်

ပုံစာ- နေပြည်တော်တွင် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မြင်ကွင်း
#စစ်ကောင်စီ #အကြမ်းဖက်မှု #အဆုံးသတ်ခြင်းမရှိ #ဆွေးနွေးပွဲပြုလုပ်ရန်မရှိ #ABSDF #CNF #KNU #ဘုံနိုင်ငံရေးရပ်တည်ချက် #Ayeyarwaddy_Times