
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
အောက်တိုဘာ ၈ ရက်နေ့မှ စတင်ကာ လေးရက်ကြာ ရေလွှမ်းမိုးခံရပြီးနောက် ပဲခူးမြို့အမြင့်ပိုင်းတွင် ရေပြန်လည် ကျဆင်းသွားပြီး နေအိမ်ရှိပစ္စည်းများ ပျက်စီးကျန်ရစ်ကာ လက်တလောတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် စားသောက်ကုန် တချို့ လိုအပ်ကြောင်း ပဲခူးအခြေစိုက် ဗိမာန်ရှင်ပရဟိတအသင်းထံက သိရသည်။
ပဲခူးမြို့အမြင့်ပိုင်းရပ်ကွက်များတွင် ရေကျသွားကာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေပြီး သောက်ရေနှင့် ဆေးဝါးလိုအပ်နေပြီး နှစ်စဉ်ရေကြီးလေ့ရှိသော အနိမ့်ပိုင်း ရပ်ကွက်များတွင်ရေကြီးနေဆဲဖြစ်ကာ စားဝတ်နေရေးကူညီနေရဆဲ ဖြစ်ကြောင်း သိရသည်။
“အခုပြန်လည်ထူထောင်ရေးမှာ ပဲခူးမြို့သူ မြို့သားအချင်းချင်းမကူညီနိုင်ဘူး။ ပိုက်ဆံ ရှိတဲ့သူတွေလည်း အကုန်ပျက်စီးတော့ ဘာမှမကူနိုင်ဘူး။ အခုကူညီနေနိုင်တာ အခြား နေရာကလှူတဲ့ သူတွေကြောင့်ပါ။ စီးပွားရေးလုပ်ငန်းတွေဆုံးရှံး စပါးခင်းတွေလည်း ပျက်စီးနဲ့ ပဲခူးရေကြီးတာ ဆုံးရှုံးမှုတော်တော်များပါတယ်” ဟု ပဲခူးအခြေစိုက် ပရဟိတ အသင်းမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိ ရေကျသွားသည့်နေရာများတွင် နေအိမ်အတွင်းရှိ ပစ္စည်းများပျက်စီး ဆုံးရှုံးခဲ့ပြီး ကျောင်းနေအရွယ် ကလေးများ၏ ကျောင်းသုံးစာအုပ်များ၊ အဝတ်အစားများနှင့် ရေတွင်း၊ ရေကန်များ ပျက်စီးသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပဲခူးမြို့၏စီးပွားရေးအချက်အချာကျရာနေရာအထိရေတက်ခဲ့သဖြင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်ကြောင်း၊ ပွဲရုံရှိသိုလှောင်ကုန်ပစ္စည်းများပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။
“မိုးတွင်းဆို မြစ်ရေတက်နေကျဆိုတော့ မြစ်ရေတက်တာကိုဘယ်သူမှ ဂရုစိုက် မိကြဘူး။ အခုလို ရေကြီး မယ်ဆိုတာက သေချာသိရင် လိုက်ကြေညာဖို့ကောင်းတယ်။ ဘယ်ပညာရှင်မှလည်း မပြောကြဘူး။ မိုးလေဝသကလဲ အော်လံနဲ့လိုက်မကြေညာဘူး” ဟု ပဲခူးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပဲခူးမြို့တွင် ယခုကဲ့သို့ ဆိုးရွားဝါးရေကြီးရေလျှံနိုင်မည့်အကြောင်းကို မြိုခံများ မသိရှိသဖြင့် ပျက်စီးဆုံးရှုံးမှုများပြားကာ ရေကတရိပ်ရိပ်တက်လာချိန်တွင် ရွှေ့ပြောင်း နိုင်ခြင်း မရှိတော့ကြောင်း ပဲခူးမြို့ခံဒေသခံများ ထံကသိရသည်။
ပဲခူးမြို့တွင် အောက်တိုဘာ ၈ ရက်နေ့ ရေကြီးမှုဖြစ်စဉ်ကြောင့် ၈၀ ရာခိုင်နှုန်း ရေလွှမ်းမိုးခံခဲ့ရပြီး ပဲခူးမြို့တွင် လူဦးရေ လေးသိန်းကျော်နေ ထိုင်ကြောင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရသည်။
ပဲခူးတွင် လက်ရှိအနေဖြင့် ယာယီရေဘေးရှောင် စခန်း ၄၇ ခုဖွင့်လှစ်ထားပြီး လူဦးရေ ၂၇,၃၀၂ ဦးကို ကယ်ဆယ်ရေးပစ္စည်းများပေးအပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံက သိရသည်။
လက်ရှိတွင် ရေတိုက်စားမှုကြောင့်ပျက်စီးသွားသည့် အမြန်လမ်းပိုင်း၊ ပဲခူးမြို့ရှောင် လမ်းပိုင်းရှိ ကားလမ်းပြတ်တောက်သွားသည့်နေရာများကို ပြုပြင်နေကြောင်း စစ်ကောင်စီ၏ လမ်းဦးစီး ဌာနထံက သိရသည်။
ရန်ကုန် – မန္တလေးလမ်းပိုင်း ၊ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ၊ ရွှေလှေဘူတာ၊ ကလိဘူတာ၊ နောင်ပတ္တရားဘူတာလမ်းပိုင်းတို့တွင် ကျောက်စီပြုပြင်ခြင်းများ ဆောင်ရွက်နေပြီး မကြာခင်ရထားခရီးစဉ်များပြေးဆွဲနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့မီးရထားက ဆိုထားသည်။
ပဲခူးမြို့တွင် အောက်တိုဘာ ၇ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၈ ရက်နေ့တွင် တစ်မြို့လုံးရေလွှမ်းမိုးခြင်းခံခဲ့ရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပဲခူးမြို့ #အမြင့်ပိုင်းရပ်ကွက်များ #ရေပြန်လည်ကျဆင်း #နေအိမ်များပျက်စီး #သောက်သုံးရေ #ဆေးဝါး #စားသောက်ကုန်များလိုအပ် #Ayeyarwaddy_Times