ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၁၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ် အစီးရေစုစု‌ပေါင်း ၇၀ ကျော်ကို တားဆီးဟန့်တားနိုင်ရန်အတွက် လမ်းတလျှောက်ရှိ တော်လှန်ရေးအင်အားစုများ ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းရန်လိုအပ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို တားဆီးဟန့်တားနိုင်ရန်အတွက် ပခုက္ကူ-မင်းတပ်အကြားရှိ အုန်းတောတံတားကို ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာ ၃ ရက်နေ့တို့တွင် ‌ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ဖောက်ခွဲခဲ့ ကြောင်းသိရသည်။

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်မ ၁၀၁ မှ အင်အား ၃၀၀ ဝန်းကျင်နှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်း ၇၀ ကျော်သည် ပြီးခဲ့သည် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ဘက်သို့ ဦးတည်လာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုလည်း ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“ပခုက္ကူဖက်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းက မင်းတပ်ကို ဦးတည်တယ်လို့ ပြောနေကြတာ၊ သတင်းတွေထွက်နေတာကြားရပါတယ်။ ဒါက အများကြီးဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက သူ့ရဲ့ အခြေခံစခန်းတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို မဖြစ်မနေစားနပ်ရိက္ခာအပါအဝင် လက်နက်၊ အင်အားတွေ ဖြည့်တင်းပို့ပေးရမှာပဲလေ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်းများအတွက် ရိက္ခာ၊ ခဲယမ်း၊ ကျည်ဆန်များ မထောက်ပို့နိုင်ပါက စစ်ကောင်စီတပ်စခန်းများအနေဖြင့် ဆက်လက်တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တပ်စခန်းများဆက်လက်ကာကွယ် နိုင်ရန်အတွက် တိုက်ပွဲဝင်လိုစိတ်မရျိသည့်အပြင် အသေခံတိုက်ခိုက်မည့် သူများလည်း လျော့နည်းလာပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တာဝန်ရှိသူကဆိုသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ယောဒေသရှိ နယ်မြေခံတော်လှန်ရေးအဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့(PDF)က အဆိုပါစစ်ကောင်စီယာဉ်တန်းကို နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး မင်းတပ်မြို့နယ်တွင် ယာဉ်တန်းစတင်ဝင်ရောက်လာသည်နှင့် အမျှ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“တဖက်က ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကလည်း သတိမပြတ်ဘဲ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေ၊ စစ်ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်ပြီး ဆက်လက်ဖြတ်တောက်ထားနိုင်ဖို့ အလွန် အရေးကြီးပါတယ်။ မင်းတပ်မြို့အထိ သွားမယ့် စစ်ကောင်စီယာဉ် တန်းကို ကြားဖြတ်ဟန့်တား တိုက်ခိုက်ဖို့ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တဖွဲ့ထဲက လုပ်လို့မရသလို အဲ့ထောက်ပို့ လမ်းကြောင်းတလျှောက်လုံးမှာရှိတဲ့ တော်လှန်‌ရေးအဖွဲ့အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ကြားဖြတ်ဟန့်တားတိုက်ခိုက်မှုတွေလည်းရှိပါတယ်” ဟု ဆလိုင်းမင်းတပ်က ဆက်လက်‌ပြောဆိုသည်။

ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအတွက် လက်နက်၊ ခဲယမ်းနှင့် တပ်အင်အားများကို စစ်ကောင်စီတပ်က တစ်နှစ်တကြိမ်နှုန်း ယာဉ်တန်းရှည်များဖြင့် ပို့ဆောင်အင်အားဖြည့်တင်း ပေးခဲ့ပြီး ထိုသို့ ပို့ဆောင်ရာတွင် မင်းတပ်-ပခုက္ကူလမ်းကြောင်းနှင့် ကလေး-ဖလမ်းလမ်းကြောင်းတို့ကို အဓိက အသုံးပြုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဒေသကာကွယ်ရေးတပ်က ဖောက်ခွဲခဲ့သော အုန်းတောတံတား။
#ချင်းပြည်နယ်#မင်းတပ်မြို့နယ် #စစ်ကောင်စီယာဉ်တန်း#တာဆီးနိုင်ရန် #ပခုက္ကူ-မင်းတပ်အကြားရှိ #အုန်းတောတံတား #မိုင်းဆွဲဖောက်ခွဲ