
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ အောက်တိုဘာလ ၁၂ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများက အကြောင်းမဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်၍ အသက် ၁၄ နှစ်အရွယ် မိန်းခလေးတစ်ဦးသေဆုံးခဲ့ပြီး သံဃာ တစ်ပါးအပါအဝင် ဒေသခံ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံကသိရသည်။
ဖြူးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ-၄၃၉ ခြေမြန်တပ်ရင်းမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကျော်လှကျေးရွာနေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်သူ မယုရတီခိုင် သေဆုံးခဲ့ရသည်။ ထို့ပြင် နန္ဒမိတ်ကျေးရွာအတွင်းရှိ ဦးတင်ထွန်း၏ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးတင်ထွန်း၊ ဒေါ်မြင့်ဌေး၊ မမာလာ၊ မောင်ပြည့်စုံ တို့ မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီဘက်မှာ လက်နက်ကြီးကတော့ နေ့တိုင်း၊ ညတိုင်းပစ်တယ်။ ညကလည်းပစ်တယ်။ လက်နက်ကြီးကတော့မကြာမကြာပစ်နေတယ်။ လူမထိပဲရွာဘေးကွဲတဲ့ဟ ာတွေလည်း အများကြီးပဲ။ တစ်နေ့ကို မပစ်ဘူးဆိုရင်တောင် နှစ်လုံး၊ သုံးလုံးလောက်ရှိတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှုကတော့သိပ်မရှိဘူး။ ခံစစ်ပဲပြင် နေကြတယ်” ဟု ဖြူးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ကျောက်တံခါးအခြေစိုက် ခမရ ၃၀၇ ခြေမြန်တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံးသည် ဖြူးမြို့နယ်၊ သနပ်ကွင်း ကျေးရွာသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတ (၇၄ နှစ်)မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၄ ခြေလျင်တပ်ရင်းမှ ၁၅၅-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာကန့်လန့် ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စောပွားစေး၏နေအိမ်ကို ထိမှန်ကာ စောပွားစေး၊ နော်လားဒူး နှင့် နော်ကဲဘလုမူး တို့ မိသားစု သုံး ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် စစ်တောင်းမြစ်ဝှမ်းဒေသတွင်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကို နေ့စဉ် လုပ်ဆောင်နေပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ အောက်တိုဘာလ ၁၁ ရက်နေ့ ထုတ်ပြန် ချက်အရ စစ်တပ်ကအာဏာသိမ်းထားသည်း နှစ်နှစ်ကျော်ကြာကာလအတွင်း သေဆုံးခဲ့ရသည့် ပြည်သူနှင့် ဒီမိုကရေစီလှုပ်ရှားသူအရေအတွက် ၄၁၄၅ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်အမျိးသားအစည်းအရုံး။
#ဖြူး #ညောင်လေးပင်ခရိုင် #လက်နက်ကြီး #စစ်ကောင်စီတပ် #လက်နက်ကြီး #အကြောင်းမဲ့ပစ်ခတ် #အသက်၁၄နှစ် #မိန်းကလေးသေဆုံး #Ayeyarwaddy_Times