ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်သား ၃၀ ခန့် ထိခိုက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း ဟင်္သာတခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှ စတင်၍ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဟင်္သာတခရိုင်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ရှစ် ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သူနှင့် သေဆုံးသူ ၃၀ ခန့်ထဲတွင် ဒုတပ်ရင်းမှူး တစ် ဦးပါဝင်ပြီး MA 1 သေနတ် တစ်လက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအခြေအနေကြောင့် ယခုကဲ့သို့ နောက်ကျမှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း တပ်ဖွဲ့ကပြည်သူလူထုကို အသိပေးထားသည်။

အဆိုပါ တိုက်ပွဲများကို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း နည်းပါးမှုကြောင့် ပြောက်ကျားစစ်ဆင် ရေးသာ ဆောင်ရွက်နိုင်ခဲ့ပြီး ဟင်္သာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဒရုန်း အဖွဲ့ခေါင်းဆောင် ရဲဘော် ဇွဲမာန် ၊ တပ်စိတ်မှူး ရဲဘော် လင်းယုန် နှင့် မိုင်းတပ်သား ရဲဘော် အားသစ်တို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်သုံးပစ္စည်း အချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်း၊ သတင်းပေးပို့ကူညီခြင်း နှင့် ထောက်ပံ့ခြင်းများ ဆက်လက်ဆောင်ရွက်ပေးပါရန် ဟင်္သာတခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်က မေတ္တာရပ်ခံထားသည်။

#ဧရာဝတီတိုင်း #ဟင်္သာတခရိုင် #ဖြစ်ပွားခဲ့သည့် #တိုက်ပွဲ #စစ်ကောင်စီတပ်သား #၃၀ခန့်ထိခိုက်သေဆုံး #တော်လှန်ရေးတပ်ဖွဲ့ဝင်၃ဦးကျဆုံး
#Ayeyarwaddy_Times