
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ရှိ ကျေးရွာများမှ ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့ဝင် ၁၅၀ ဦးကို စစ်သင်တန်း ပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ရန် စီစဥ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓနုဖြူမြို့နယ်ရှိ ကျုံတနီး၊တော်လနန်း၊ ကျောင်းစု၊ ရိုးကြီး၊ ဝါးပတောစသည့် ကျေးရွာများမှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် ၁၅၀ ဦးကို ယမန်နေ့က ပုသိမ်မြို့အနောက်တောင်တိုင်း စစ်ဌာနချုပ်ထံ စစ်သင်တန်း တက်ရောက်ရန်အတွက် ခမရ -၁၀၈ တပ်ရင်းသို့ ပို့ဆောင်ထားကြောင်း ခမရ -၁၀၈ နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
”ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၁၅၀ကို တပ်ထဲလာပို့ထားတယ်။ စစ်သင်တန်းတက်ဖို့ ပုသိမ်နတခကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပို့ဖို့ရှိတယ်။ လောလောဆယ် တပ်အပြင်ထွက်ခွင့် မပေးထားသလို အိမ်ကိုလည်းဆက်သွယ်ခွင့်မပြုထားဘူး” ဟု ခမရ-၁၀၈ နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်သင်တန်း တက်ရောက်ရန်အတွက် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က လျှို့ဝှက်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းလေးပတ် ပြီးဆုံးသူများကို လိုအပ်သည့် ရှေ့တန်းများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများထံက သိရှိရသည်။
”စစ်သင်တန်းကလေးပတ်ကြာမယ်။ ၉ရက်နေ့က လျှို့ဝှက်ညွှန်ကြားထားတယ်။ သင်တန်းပြီးတဲ့သူတွေကို စစ်ကိုင်း၊ချင်းနဲ့ ကရင်ဘက်ကို ရှေ့တန်းပို့ဖို့ရှိတယ်။ နောက်ထပ်ပြည်သူ့စစ်တွေကို သင်တန်းထပ်ပေးပြီး ရှေ့တန်းပို့ဖို့ရှိနေတယ်” ဟု တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။
ဓနုဖြူမြို့အနီး ပြင်ကသာ ၊ရွာလေး ၊စက်တုနှင့် အုန်းပင်စု ကျေးရွာများရှိ လူငယ်ဦးရေ ၁၀၀ ကျော်ထက်မနည်းကို စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းရန် အတွက်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့မှ စည်းရုံးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်စက်တင်ဘာလ ပထမအပတ်ကစ၍ မြို့တွင်းရပ်ကွက်အလိုက် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ ဖွဲ့စည်းရန်အတွက် ခမရ ၁၀၈ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူငယ် အမျိုးသား ၅၀ ဦး ထက်မနည်းကို သင်တန်းတက်ခိုင်းသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။
#ဓနုဖြူမြို့ #ပျူစောထီး #ပြည်သူ့စစ် #၁၅၀ဦးကို #လေးပတ် #စစ်သင်တန်းပေး #ရှေ့တန်းပို့ရန်စီစဥ်နေ
#Ayeyarwaddy_Times