
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် ၁၀ ရက်တာအတွင်း လုယက်သတ်ဖြတ်မှု (၃၀)မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး သက်ကြီးရွယ်အိုများရှိသည့်နေအိမ်များကို ပစ်မှတ်ထားခံနေရကြောင်း ဒေသခံများထံက သိရသည်။
ညောင်တုန်းမြို့တွင်ပန်းဧရာ၊ အမှတ် (၆ )ရပ်ကွက်၊အမှတ်(၈)ရပ်ကွက် စသည့်မြို့ပေါ်ရပ်ကွက်နေရာများတွင် ညနက်ပိုင်းအချိန်၌ လုယက်သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာလ၁ရက်မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ လုယက်သတ်ဖြတ်မှု ၃၀ မှုအထိဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြို့ခံများထံကသိရှိရသည်။
”အိမ်ထဲကိုဝင်လုတာတို့ လမ်းပြန်ရင်းအလုခံရတာက ပန်းဧရာ၊၆ ရပ်ကွက်နဲ့၈ရပ်ကွက်မှာအများဆုံးဖြစ်နေတယ်။ ညနက်ပိုင်းတွေဆိုပိုဖြစ်များတယ်။ဖြစ်နေတာရက်စိပ်နေပြီ။ တခါမှဖမ်းမိတယ်ကိုမကြားဘူး”ဟု အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လုယက်သတ်ဖြတ်မှုများမှာ အများအားဖြင့် အသက်ကြီးရွယ်အိုများ နေထိုင်သည့် နေအိမ်များကို ပစ်မှတ်ထား ကျူးလွန်ခံရကာ အနီးကျေးရွာများတွင်လည်း အလားတူဖြစ်ရပ်များ ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။
” လုယက်ခံရတဲ့အိမ်တွေက အသက်ကြီးရွယ်အိုတွေကို ပိုပြီးပစ်မှတ်ထားခံနေရတယ်။အသက်ကြီးတဲ့သူတွေဆိုတော့ ပြန်ပြီးမခုခံနိုင်ကြဘူး။ အဲ့တော့ပြစ်မှုကျူးလွန်ရတာလွယ်သွားတာပေါ့။ မြို့နဲ့နီးတဲ့ရွာတွေဆိုလည်းဖြစ်နေတာခဏခဏပါပဲ” ဟု တူးချောင်းကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ပထမအပတ်မှစ၍ ရဲနှင့်စစ်ကောင်စီတပ်အပြင် ပျူစောထီး(ပြည်သူ့စစ်)များကို အင်အားသုံး၍ ကင်းလှည့်မှုများရှိသော်လည်း ရပ်ကွက်နေရာနှင့် ကျေးရွာများအလိုက် လုယက်သတ်ဖြတ်ခံရမှု ဖြစ်စဥ် ကျဆင်းလာခြင်းမရှိသည့်အပြင် ရဲစခန်းကို ပေးအပ်မှသာ အမှုဖွင့်လှစ်ပေးလေ့ရှိကြောင်းသိရှိရသည်။
#ညောင်တုန်း #၁၀ရက်အတွင်း #လုယက်သတ်ဖြတ်မှု #၃၀မှုထက်မနည်း #အသက်ကြီးရွယ်အိုများ #ပစ်မှတ်ထားခံနေရ #Ayeyarwaddy_Times