
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်ပြီး မီးလောင်ရာ လေပင့်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စွပ်စွဲလိုက်ပြီး ပဋိပက္ခကိုဖြေရှင်းဖို့ အပေးအယူအဖြေ လိုအပ် တယ်လို့ ပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ပါလက်စတိုင်းကြား အကြမ်းဖက်မှု ဖြစ်ပွားရခြင်းက အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် နိုင်ငံရဲ့မူဝါဒ ကျဆုံးမှုဆိုတဲ့ ဉပမာတစ်ခုဖြစ်တယ်လို့ ဗလာဒီမာပူတင်က ဆိုပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အစ္စရေးနိုင်ငံအပေါ် ဟားမာစ်အဖွဲ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေ ရိကန်နိုင်ငံက USS Gerald R. Ford ပါဝင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုကို အစ္စရေးနိုင်ငံနဲ့ကပ်လျက်နေရာသို့ ရွှေ့ပြောင်းနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ပါတယ်။
တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်ကလည်း အပြင်းအထန် ဝေဖန်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ် ဟာ အမှားအယွင်းတစ်ခုဖြစ်တယ်လို့ မော်စကိုမြို့တော်မှာကျင်းပတဲ့ စွမ်းအင်ဆိုင်ရာ ညီလာခံတစ်ခုမှာ ပူတင်က ဆိုပါတယ်။
“အမေရိကန်နိုင်ငံက ဘာကြောင့် မြေထဲပင်လယ်ထဲကို လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်တယ်ဆို တာ ကျွန်တော် နားမလည်ဘူး။ ကျွန်တော် ဒီအချက်ကို တစ်ကယ် နားမလည်ဘူး။ သူတို့ လက်ဘနွန်ကို ဗုံးကြဲဖို့ လား ဒါမှမဟုတ် ဘာလုပ်ဖို့လဲ” လို့ သူက ပြောပါတယ်။
“အမေရိကန်နိုင်ငံက တစ်စုံတစ်ယောက်ကို ကြောက်ရွံ့အောင်လုပ်ဖို့ ဆုံးဖြတ်ထားတာလား။ ဘာမှကို မကြောက်ရွံ့တော့တဲ့လူတွေရှိပါတယ်။ ဒါဟာ ပြဿနာတွေကိုဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ အခုလိုမျိုးလုပ် ရပ်တွေက အခြေအနေကို ပိုဆိုးစေပါတယ်” လို့ ပူတင်က ဆိုပါတယ်။
ကိုးကား – Reuters
Ref; Putin says U.S. is inflaming Middle East by sending aircraft carrier group