
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
ရေကြီးရေလျှံမှုများကြောင့် ဒေသအချို့တွင် စပါးခင်းများရေနစ်မြှုပ်နေချိန် စစ်ကောင်စီ၏ စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းဈေး ခုနစ်သိန်းခွဲသတ်မှတ်ချက်သည် စိုက်ပျိုးရေး ကုန်ကျစရိတ်တောင်မရှိကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
စပါးတင်းတစ်ရာ (၄၆ပေါင်) တွင် အစိုဓာတ် ၁၄ရာခိုင်နှုန်း၊ အဖျင်း၊ မှော်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပါက အခြေခံရည်ညွှန်းဈေးနှုန်း ကျပ် ခုနှစ်သိန်းခွဲ သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦး ဆောင်အဖွဲ့က အောက်တိုဘာ ၁၁ရက်နေ့က သတင်းထုတ်ပြန်သည်။
မကြာခင်ပေါ်ထွက်လာမည့် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးအထိ အဆိုပါ အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ချက်အတိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စပါးတစ်ဧကစိုက်ပျိုးရာတွင် မျိုးစပါးစရိတ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး ဆေးများအတွက် အခြေခံကုန်ကျစရိတ်များ အပါအဝင် ကျပ်တစ်သိန်းကျော်ကုန်ကျပြီး တစ်ဧက စပါးတင်း ၄၀ သာအများဆုံးထွက်ကြောင်း ဘိုကလေးမြို့နယ်ရှိ တောင်သူလယ်သမားတစ်ဦးက ပြောကြားသည်။
” သဘောက အဲဒီဈေးထက်တက်လို့ရတယ်။ ဒါပေမယ့်ကျသွားရင်တောင် အဲဒီဈေးအောက်ချ မဝယ်ဘူး ပြောတာ။ တစ်ခုရှိတာက ပွဲစားအများစုက ရည်ညွှန်းဈေးကိုအခြေပြုပြီး ဝယ်ကြတယ် ” ဟု ၎င်း က ဆက်လက် ပြောကြားသည်။
ထို့ပြင်စပါးဈေးတစ်ခုထဲကွက်ပြီး ကြမ်းခင်းဈေးချ၍မရကြောင်း၊ သွင်းအားစုမြေဩဇာ၊ စက်သုံးဆီ၊ လယ်ယာသုံးစက် ပြင်ဆင်စရိတ် စက်အပိုပစ္စည်းဈေးနှုန်း၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရိတ်သိမ်းခများအပါအဝင် သက်ဆိုင်သည့် နယ်ပယ်တစ်ခုလုံး၏ ဈေးနှုန်းများကိုပါ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း တောင်သူလယ်သမားတစ်ဦးက ပြောကြားသည်။
စပါးဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးအပေါ် မြင့်တက်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် ရောက်ရှိပါက ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စပါးမျိုးအလိုက် ဧည့်မထ၊ငစိန်စပါး တင်းတစ်ရာလျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း တင်းတစ်ရာလျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း အပါအဝင် ဧရာမင်း၊ ဧရာပဒေသာ တင်းတစ်ရာလျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း နှင့် ရွှေဘိုပေါ်ဆန်း တင်းတစ်ရာလျှင် ကျပ် ၁၈ သိန်းမှ ၂၀ အတွင်းရောင်းချရန် ရည်ညွှန်းဈေးသတ်မှတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီ #စပါးတင်း၁၀၀ #အခြေခံရည်ညွှန်းဈေးနှုန်း #ကျပ်ခုနစ်သိန်းခွဲ #သတ်မှတ် #စိုက်ပျိုးစရိတ်တောင်မရှိ #တောင်သူများဆို
#Ayeyarwaddy_Times