ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်

ကျောင်းသားကဒ် တစ်ကဒ်လျှင် ကျပ် ၁၅၀၀၀ အထိပေးနေရပြီး ယခင်ကထုတ်ပေးသည့် စမတ်ကဒ်အမျိုးအစား မဟုတ်တော့ပဲ စက္ကူဖြင့်သာ ပြုလုပ်ပေးနေကြောင်း ပုသိမ်တက္ကသိုလ် အဝေးသင်ကျောင်းသားများထံမှ သိရသည်။

အရပ်သားအစိုးရလက်ထက်တွင် ကျောင်းသားကတ် တစ်ကဒ်လျှင် ၅၀၀ကျပ် နှုန်းသာ ပေးရပြီး စမတ်ကဒ် အမျိုးအစားဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ကျောင်းသားကဒ် တစ်ကဒ်လျှင် ၉၀၀၀ကျပ် အထိ တောင်းခံခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကျပ် ၁၅၀၀၀ အထိ ပေးရကြောင်း ပုသိမ်တက္ကသိုလ် ကျောင်းသားများထံမှ သိရသည်။

“ကျနော်တို့ အဝေးသင်စတက်တော့ ကျောင်းသာကဒ် လုပ်တာ ၅၀၀ကျပ် ပဲပေးရတယ် အမေစုလက်ထက်မှာ ကိုဗစ်တွေကြောင့် ကျောင်းနားပြီ စစ်ကောင်စီလက်ထက်မှာ ပြန်တတ်တော့ ဒုတိယနှစ်ကို ကျပ် ၉၀၀၀ ပေးရပြီး အခု တတိယနှစ်မှာ ကျပ် ၁၅၀၀၀ အထိဖြစ်လာတယ်။ ကုန်စျေးနှုန်းတွေကြောင့် တက်တယ်ဆိုလည်း ကျပ် ၁၅၀၀၀ ယူပြီး စမတ်ကဒ်လောက်တော့ထုတ်ပေးပေါ့ဗျာ။ အခုက ထုတ်ပေးတော့လည်း ဓာတ်ပုံသားနဲ့ ထုတ်ပေးတာ “ဟု ပုသိမ်တက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောင်းအပ်ရာတွင် စျေးတိုးလာမှုနှင့် ကျောင်းသားကဒ်များအား စျေးတိုးပေးလာရခြင်းကြောင့် အဝေးသင် ကျောင်းသားများအတွက် အခက်ခဲရှိနေပြီး အဆောင်ခနှင့် ကျူရှင်ခများလည်း မြင့်တက်နေကြောင်း သိရသည်။

” အလုပ်တွေ ရှားလာတော့ လုံခြုံရေးတောင်ဘွဲ့ရမှ ဆိုတော့ ကျောင်းပြီးအောင် တက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ စျေးတွေက အကုန်တက်နေတာပါ ။ ကျူရှင်ကလည်း မဖြစ်မနေ ယူနေရတယ်ဆိုတော့ တစ်လခွဲမှာ အနည်းဆုံး ငါးသိန်းလောက်ပါတာတောင် မလောက်ဘူး။ ကျောင်းသာကဒ်ကလည်း ကျပ် ၁၅၀၀၀ တောင်ပေးရသလို ကျောင်းအပ်တော့လည်း လေးသောင်းကျော်ပေးရတယ်။ နောက်နှစ်ဆို မလွယ်တော့ဘူး “ဟု ပထဝီမေဂျာမှ အဝေးသင်ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်တက္ကသိုလ်တွင် ပညာသင်နှစ်တစ်နှစ်လျှင် ကျောင်းသားပေါင်း ထောင်ချီရှိနေပြီး ကျောင်းသားကဒ်စျေးနှင့် ကျောင်းအပ်ကြေးများမှာလည်း နှစ်စဥ်တိုးလာကြောင်း ကျောင်းသားများထံမှသိရသည်။