
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့် မြန်မာနိုင်ငံတွင် စစ်ကောင်စီက တင်သွင်း ပြုထားသည့် EV လျှပ်စစ်ကားများကို ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ပြီး မည်သည့်အာမခံတွင်မှ အာမခံထားခွင့်မပေးတော့ကြောင်း ကား တင်သွင်း ရောင်းဝယ်သူများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
စစ်ကောင်စီက တင်သွင်းခွင့်ပြုထားသည့် EV လျှပ်စစ်ကားတစ်စီး မြောက်ဒဂုံတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် အာမခံကုမ္ပဏီများက အာမခံ ထားခွင့်မပေးတော့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
“EV ကားတွေကို အာမခံကုမ္ပဏီတွေက အာမခံမပေးတော့ဘူး။ ဘယ်နေ့မှ ပြန်ပေးမယ်ဆိုတာတော့ ပေးမယ့်ရက် ကြေညာမယ်လို့ပြောတယ်။ အခု တရုတ်က တင်သွင်းတာရော၊ သာဓုကန်က ထုတ်တဲ့ EV တွေရောဆိုတော့ စမ်းနေတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့်မပေးတာထင်တယ်” ဟု ကား၀ယ်ရောင်းလုပ်နေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်ရှိ EV ကားတစ်စီး နေအိမ်ရှေ့တွင် အားသွင်းရင်း မီးထလောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် EV လျှပ်စစ်ကားတင် သွင်းသည့် ကုမ္ပဏီတစ်ခုက ၎င်းတို့ တင်သွင်းသည့် အတိုင်းမဟုတ်ဘဲ ပိုင်ရှင်ကစိတ်ကြိုက်ပြုပြင် တပ်ဆင်ခြင်းများ ပြုလုပ်ထားသည့်အတွက် မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်သည် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီပမာဏကို လျှော့ချရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင်သုံး (EV) ကားများဖြင့် အစားထိုးပြောင်းလဲရန် ကြံစည်ခဲ့သည်။
ထိုသို့ ကြံစဉ်ပြီးနောက် ၂၀၂၂ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံသို့ EV လျှပ်စစ် ကား တင်သွင်းမှုကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပြီး အဆိုပါကားအပိုပစ္စည်းတင်သွင်းမှု နှင့် ရောင်း၀ယ်မှုများ စတင်လာခဲ့သည်။
အာမခံကုမ္ပဏီများတွင် EV လျှပ်စစ်ကား အာမခံထားလိုပါက ၎င်းကားများ နှင့်ပတ်သက်၍ အာမခံပေါ်လစီ ထွက်ရှိလာပြီးမှသာ အာမခံပြန်လည်ထားရှိမည့်ရက် ကို ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ-အားသွင်းနေသည့် EV လျှပ်စစ် ကားကို တွေ့ရစဉ်
ပုံစာ- အောက်တိုဘာ ၅ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် EV ကားတစ်စီး အားသွင်းရင်း မီးထလောင် နေသည်ကို တွေ့ရစဉ်
#စစ်ကောင်စီတင်သွင်းပြု #EVလျှပ်စစ်ကားများ #အာမခံကုမ္ပဏီများ #အာမခံမပေး #Ayeyarwaddy_Times