ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၁၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ နယ်မြေခံစစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က အကြိမ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်၍ စစ်ရေးအရ လှုပ်ရှားမှုမရစေရန် ပိတ်ဆို့ထားနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံက သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် ကမ်ပိန်း ရည်မှန်းချက်အတိုင်း မင်းတပ်မြို့ပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ကို စစ်ရေးအရ အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ကြောင်းသိရသည်။

“အခုက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောရမယ်။ မြို့သိမ်း တိုက်ပွဲတွေ မဖော်ဆောင်နိုင်ဘူးဆိုပေမယ့်လည်း မင်းတပ်မြို့မှာရှိတဲ့ နယ်မြေခံတပ်ရင်း တွေကို လှုပ်ရှားလို့ မရအောင် ပိတ်ဆို့နိုင်ခဲ့တယ်။ တပ်ရင်းထဲမှာပဲ နေရတယ်။ မြို့တွင်းထဲမှာ သွားလာတယ်ဆိုရင်လည်း သူတို့စစ်ကြောင်းပုံစံမျိုးနဲ့ သွားနေရတဲ့အနေ အထားမျိုးရှိတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် မင်းတပ်မြို့အပါအဝင် ယောနယ်၊ ကန်ပက်လက်၊ မတူပီနှင့် ချိပ်ဆက်၍ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ရေးဖော်ဆောင်မှုများပိုမိုလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ဆက်လက်ဝန်းရံပေးကြရန် ဆလိုင်းမင်းတပ်က ဆက်လက်ပြောကြားသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်၍ အခြေခံ ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

“ကျောင်းတွေဖွင့်ပြီးတော့မှ မင်းတပ်မြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်မယ်။ ပြည်သူတွေက မလုံခြုံတော့ဘူးလို့ ခံစားရတဲ့အချိန်မှာ မြို့ထဲကို ပြန်လာမယ်။ ပြည်သူလူထုကို အကာအကွယ်ယူပြီးတော့မှ ကျွန်တော်တို့ရဲ့ စစ်ရေးဖော်ဆောင်မှု တွေကို အခက်အခဲဖြစ်အောင် တဖက်ကနေ နည်းဗျူဟာတွေသုံးနေတယ်လို့ သုံးသပ်တယ်” ဟု ဆက်သွယ်ရေး အခက်အခဲများကြောင့် ဖြေကြားခြင်းမပြုနိုင်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ် ကိုယ်စား ဆလိုင်းမင်းတပ်က ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် စစ်ရေးဖော်ဆောင်များ ပိုမိုလုပ်ဆောင်ရန် ရှိနေပြီး ပြည်သူများအနေဖြင့် မင်းတပ်မြို့နှင့် ပတ်သက်လာလျှင် ချင်း ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ထုတ်ပြန်ချက်များ၊ ပြည်သူ့အုပ်ချုပ်ရေး၏ ထုတ်ပြန် ချက်များကို အမြဲတမ်းနားစွင့်၍ လိုက်နာဆောင်ရွက်ပေးကြရန်၊ ယခုထက်ပိုမို၍ ဝန်းရံပေးကြရန်နှင့် ယုံကြည်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တပ်ဖွဲ့ဝင်များ

#မင်းတပ်မြို့ #နယ်မြေခံစစ်ကောင်စီတပ်ရင်း #စစ်‌ရေးလှုပ်ရှားမှုမရစေရန် #ခြိမ်းခြောက်နိုင် #ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #Ayeyarwaddy_Times